31 C
Yangon

နတ်မောက်မြို့နယ် ဒန့်ဒလွန်ပင်ရွာအနီး ငါးပြေမပျောက်ကြားတပ်ဖွဲ့၏ ယာယီစခန်းငယ် ဝင်အစီးခံရပြီး တပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရ၊ သနပ်ပင်တွင် ပြည်သူ ၆ ဦးကို စစ်တပ်က မတရားဖမ်းဆီးနှိပ်စက်

Must read

ရန်ကုန် ၊ မတ် ၂၆

မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ယနေ့ မတ် ၂၆ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ ဒန့်ဒလွန်ပင်ရွာအနီးရှိ ငါးပြေမပျောက်ကြားတပ်ဖွဲ့ ၏ ယာယီစခန်းငယ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး တပ်ဖွဲ့ဝင် နှစ်ဦး အဖမ်းခံလိုက်ရကြောင်း ငါးပြေမပျောက်ကြားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းစီးခံလိုက်ရသည့် တပ်ဖွဲ့ဝင်နှစ်ဦးမှာ မောင်သက်ပိုင်ထွန်း(ခ)ကံကောင်း၊ မောင်ခန့်ကျော်(ခ) ခန့်ခန့်တို့ ဖြစ်ကြပြီး လက် လုပ်သေနတ် တချို့ပါ သိမ်းဆည်းခံလိုက်ရကြောင်း ပြန်ကြားရေးတာဝန်ခံထံမှ သိရှိရသည်။

“အရင်ကတည်းက ပိုက်စိပ်တိုက်ရှာနေတာ ကျွန်တော်တို့ အဖွဲ့ကို ခု ပထမဆုံးမိတာပဲ ဒလန်ကြောင့်။ နတ်မောက်မြို့နယ်သူ မြို့နယ်သားတွေ သူ့တို့ ပေးဆပ်မှုကို အသိအမှတ်ပြုပြီး တော်လှန်ရေးကို ပိုပြီး အာစိုက်ဖို့ အသိပေးချင်ပါတယ်” ဟု ငါးပြေမ ပျောက်ကြားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခံရသည့် တပ်ဖွဲ့ဝင်နှစ်ဦး၏ အခြေအနေအတိအကျကိုမူ မသိရှိရသေးပေ။

ထို့ပြင် ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ မတ်လ ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင် ပြည်သူ ၆ ဦးကို PDF ဟု စွတ်စွဲကာ မတရားဖမ်းဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ဖမ်းဆီးခံရသူများမှာ ဦးဘိုဘိုထွန်း ၊ ဦးကျော်ခိုင်၊ ဦးသိန်းနိုင်၊ ကိုဝေယံထက် (ဦးသိန်းနိုင်၏ သား)၊ ကိုထိုက်၊‌ကိုအောင်အောင် တို့ ဖြစ်ကြပြီး ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“ဦးဘိုဘိုထွန်းက EPC က CDM လုပ်ထားတဲ့ သူ။ သူ့ကို PDF နဲ့ ဆက်နွယ်တယ် ဆိုပြီး နှစ်ကြိမ် နေအိမ်ကို ဝင်ရှာဖူးတယ်။ PDF နဲ့ ဆက်သွယ်တဲ့ ဘာအထောက်အထားမှ မတွေ့လို့ ပြန်လွှတ်ထားတာပါ။ အခု တတိယအကြိမ်မှ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းသွားတာပါ။ ဦးကျော်နိုင်နဲ့ ဦးသိန်းနိုင်တို့က ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားခဲ့လို့ ထွက်ပြေးတိမ်းရှောင်နေရာက ခံဝန်နဲ့ နေအိမ်တွေမှာ ပြန်နေခွင့် ရနေသူတွေပါ” ဟု ဒေသခံတစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် ဖမ်းဆီခံရသူများထဲမှ ဦးဘိုဘိုထွန်းကို ပဲခူးတပ်မ ၇၇ စစ်ကြောရေးစခန်းသို့ ပို့ထားပြီး ဖမ်းဆီးစဉ်ရိုက်နှက်နှိပ်စက်ခံထားရသည့်အတွက် အသက်အန္တရာယ်စိုးရိမ်ရကြောင်းနှင့် ကျန် ၅ ဦးကိုမူ သနပ်ပင်မြို့မှ ရဲစခန်းတွင် ချုပ်နှောင်ကာ ရိုက်နှက်စစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article