ရန်ကုန်၊ မတ် ၂၆
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာ တံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီကား ၁ စီး ယနေ့ မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကားသည် ပျဉ်ထောင်ကျေးရွာမှ ထွက်ခွာလာခြင်းဖြစ်ပြီဂ ကံသစ်တံတား မြောက်ဘက်တွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ – ခင်ဦး (ARF) အဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကားပေါ်တွင် ပါလာသော ၃ ပွင့် အရာရှိ အခြေအနေကို အသေးစိတ် မသိရှိရသေးကြောင်း ARF က သတင်းထုတ်ပြန်သည်။
စစ်ကား မိုင်းဆွဲခံရမှုကြောင့် ခင်ဦးမြို့ပေါ် ရဲစခန်းက လာရောက်ပူးပေါင်းသော ကား ၃ စီး၊ ဆိုင်ကယ်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးသူများ ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ARF နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။