ရန်ကုန်၊ မတ် ၂၇
မကွေးတိုင်း၊ ရေစကြိုမြိုနယ်တွင် ယမန်နေ့ မတ်လ ၂၆ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်အချိန် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူးရူးသောက်စားပြီး လက်နက်ကြီးဖြင့် ၃ ကြိမ် ရမ်းကားပစ်ခတ်ရာ မိသားစု ၁ စုနေထိုင်သော နေအိမ်ပေါ်သို့ ကျရောက်ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် နှင့်ဖခင်ဖြစ်သူသေဆုံးကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်ဖြစ်သူနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာမူ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အဆိုပါလက်နက်ကြီး ရမ်းကားပစ်ခတ်မှုကို ခလရ ၂၅၇ နှင့် ၂၅၈ တပ်များက ပစ်ခတ်ခြင်းဖြစ်ကြောင်း၊
၎င်းတို့ ပစ်ခတ်သော လက်နက်ကြီးကျည် တစ်ခုသည် ရေစကြိုမြို့ မြောက်ဘက်တွင်ရှိသော ညောင်တောကျေးရွာအုပ်စု၊ ကူတုပ်ရွာရှိ မိသားစု (၄) ဦး နေထိုင်သော နေအိမ်တစ်လုံးပေါ်တွင် ကျရောက်ပေါက်ကွဲကာ ဦးမန်းကျော် (၅၀ နှစ်) နှင့် သားဖြစ်သူ မောင်ဖိုးသင်္ကြန် (၆ နှစ်) တို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။
လက်နက်ကြီးထိမှန်၍ ကိုယ်ဝန်ဆောင် မိခင်ဖြစ်သူ ဒေါ်ညို ၃၇ နှစ် နှင့် သားဖြစ်သူ မောင်ကျော်ကျော်ဘို အသက် ၃ နှစ် တို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ပခုက္ကူဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ၊ဒေါ်ညိုမှာ ကိုယ်ဝန် ၅ လ ဆောင်ထားရပြီး လက်နက်ကြီးထိမှန်သေဆုံးသူ ဦးမန်းကျော်မှာ ရေစကြိုဈေးတွင်ကျပန်း လုပ်ကိုင်စားသူ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။