30 C
Yangon

ကန့်ဘလူ၊ ရွာသစ်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၅ ဦးကို မီးရှို့ သတ် ဖြတ်၊ အမျိုးသမီးနှင့် ကလေးများ အပါအဝင် ၈၀ ကျော်ကို ဖမ်းဆီးနှိပ်စက်ပြီး နေအိမ်မှ အဖိုးတန်ပစ္စည်းများ အကုန် လုယူ

Must read

ရန်ကုန် ၊ မတ် ၂၇

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့ ရွာသစ်ကျေးရွာသို့ မတ်လ ၂၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ လက်နက်ကြီးပစ်ဖောက်ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူ ၅ ဦးကို မီးရှို့သတ်ဖြတ်သွားကြောင်း၊ အမျိုးသမီးနှင့် ကလေးများ အများစုပါဝင်သည့် ပြည်သူ ၈၀ ကို ပိတ်ဆို့ ဖမ်းဆီးကာ နှိပ်စက်ပြီး နေအိမ်များမှ ပစ္စည်းများကို ကားများဖြင့် သယ်ကာ ခိုးယူသွားကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

“ရွာကို အင်အား ၃၀၀ လောက်နဲ့ မနက်ဘက် ၅ နာရီလောက် ရွာကို ဝိုင်းထားပြီး လက်နက်ကြီးနဲ့ အရင် နှစ် ချက် ပစ်လိုက်တယ်။ ရွာက လူတွေ လန့်ဖြန့်ပြီးတော့ ပြေးတဲ့အချိန်မှာ ရှေ့ကနေ အကုန်ဖမ်းထားတာဗျ။ မိန်းမသားတွေ များတယ်။ မီးရှို့ခံရတာက သူတို့က လက်နက်ကိုင်တယ်ဆိုပြီးတော့ ခေါ်သွားပြီးတော့ ရွာနှုတ်ခမ်းတင် မီးရှို့သတ်တာ ၅‌ ယောက်။ ကျွန်တော်တို့က ဘယ်သူ ဘယ်ဝါမှန်းတင် ခွဲခြားလို့ မရသေးဘူး။ ဦးခေါင်းတွေနဲ့ အရိုးတွေပဲ ကျန်တယ်။ မိန်းကလေးတွေကလည်း အကုန် မှောက်ခိုင်းပြီးတော့ တုတ်နဲ့ ရိုက်သွားတယ်ဗျ” ဟု ဒေသခံတစ်ဦးက ဖြစ်စဉ်ကို ရန်ကုန်ခေတ်သစ်သို့ပြောပြသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်များသည် အမျိုးသားများကိုလည်း ပေါင်များကို ပလက်ယာဖြင့် ဆွဲလိမ်ခြင်း၊ နားရွက်များကို ဓားနဲ့ လှီးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း၊ ရွာအတွင်းရှိ အိမ်များကိုလည်း တိုင်တစ်တိုင်ပဲ ချန်ကာ ကျန်သည့် တိုင်များကို ချိန်းစောများနှင့် ဖြတ်သွားကြောင်း၊ အိမ်အလုံး ၄၀ ခန့် တိုင်များအဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အိမ်က ပိုက်ဆံတွေက အကုန်ယူတာဗျ။ ရေခဲသေတ္တာ၊ ရေစုပ်စက်၊ ဆိုင်ကယ် အကုန်ယူတာဗျ။ ရွာမှာ ကျန်ခဲ့တဲ့ ပစ္စည်းတွေကို အကုန်လုံး ကားကြီး ကားငယ်နဲ့တိုက်တာဗျ။ ၃ ရက်တိတိ ရွာမှာ ထိုင်ပြီးတော့ စခန်းချပြီးတော့ သူတို့သယ်တာ” ဟု ဒေသခံများက ပြောပြသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ရွာသစ်ကျေးရွာမှ မတ်လ ၂၆ ရက်နေ့တွင် ထွက်သွားပြီး ရွာသစ်ရွာအရှေ့ဘက်ရှိ သရက်သာ ကျေးရွာရှိ ဘုန်းကြီး နှစ်ပါးကိုလည်း ဖမ်းဆီးသွားသည်ဟု ကြားသိရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဓာတ်ပုံ- ကန့်ဘလူမြို့နယ်တွင် ပြည်သူများကို သတ်ဖြတ်နေသော အကြမ်း ဖက်စစ်တပ်၏ ယနေ့ စစ်ရေးပြ မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article