ရန်ကုန်၊ မတ် ၂၈
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်ဆုမွန်ရည်၏ နေအိမ်ကို စစ်တပ်က ချိတ်ပိတ်ထားပြီးနောက် မတ်လ ၂၆ ရက်နေ့ မီးရှို့ ပြာချလိုက်ကြောင်း သိရှိရသည်။
ရွှေဘိုမြို့တွင် နိုင်ငံရေး ပုဒ်မဖြင့် အဖမ်းဆီးခံရသူများ အခကြေးငွေမယူဘဲ အခမဲ့ရှေ့နေလိုက်ပေးနေပြီး စစ်အာဏာရှင်တော်လှန်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသဖြင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဆုမွန်ရည်ကို စစ်တပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ဖမ်းဆီးရန် ကြိုးစားခဲ့ကြောင်း၊ တရားလွှတ်တော်ဒေါ်ဆုမွန်ရည်က အချိန် တိမ်းရှောင်နိုင်ခဲ့သည့်အတွက် ဒေါ်ဆုမွန်ရည်၏ အမှတ် ၉ ရပ်ကွက်၊ သက်သာပန်းတောင်ရပ်ကွက်ရှိ နေအိမ်ကို စစ်တပ်က ချိတ်ပိတ်ထားခဲ့ကြောင်း သိရှိရသည်။
မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ဝန်းကျင်အချိန်တွင် စစ်တပ်က ချိတ်ပိတ်ထားသော တရားလွှတ်တော် ရှေ့နေ ဒေါ်ဆုမွန်ရည်၏ နေအိမ်ကို မီးရှို့လိုက်ကြောင်း၊ ဘေးပတ်ဝန်းကျင်မှ ပြည်သူများကို မီးငြိမ်းသတ်ခွင့် မပေးဘဲ အိမ်ပြာကျသွားမှ မီးသတ်ကားများ လာရောက်ကြောင်း၊ အမှန်တကယ်မှာ မီးသတ်စခန်းနှင့် ဒေါ်ဆုမွန်ရည်မှာ ၅ မိနစ်အတွင်း ရောက်ရှိနိုင်သော အကွာအဝေးတွင်ရှိသော်လည်း စစ်တပ်က မီးရှို့ခြင်း ဖြစ်၍ ပြာကျမှသာ လာရောက် ငြိမ်းသတ်သည့်ပုံစံ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ရှေ့နေ ဒေါ်ဆုမွန်ရည် ရဲ့အရေးတော်ပုံသမိုင်းက ဆန္ဒပြပွဲတွေမှာရှေ့နေဝတ်စုံဝတ်ပြီး တက်တက်ကြွကြွပါဝင်ဆန္ဒပြတယ်။ စစ်တပ်ကလူတွေသတ်ပွဲတွေ ကြမ်း၊ ပြည်သူတွေကိုမတရားဖမ်းနေတဲ့အချိန်မှာတောင် နိုင်ငံရေး ပုဒ်မမျိုးစုံ အကြမ်းဖက်ပုဒ်မမျိုးစုံနဲ့ မတရားအဖမ်းဆီးခံရတဲ့ပြည်သူတွေကိုအခမဲ့ရှေ့ နေလိုက်ပေးနေသူတစ်ဦးပါ။ CDM တွေကိုလည်း လက်လှမ်းမှီသမျှထောက်ပံ့ကူညီနေသူ။ PDF ထဲဝင်ချင်တဲ့သူတွေကို လမ်းပြပို့ဆောင်ပေးသူ။ PDF တွေကိုလည်း အိမ်မှာခေါ်ထားပြီး တော်လှန်ရေးလုပ်ငန်းစဥ်တွေကိုစီမန်ခန့်ခွဲသူ ။ အဲဒါကြောင့် စစ်တပ်က ဒေါ်ဆုမွန်ရည် ကိုသွားဖမ်းတဲ့အချိန် ဖရဲသီးတစ်ယောက်က သတင်းပေးလို့ လက်မတင်လေး လွတ်သွားခဲ့တာ။ စစ်တပ်က သူ့အိမ်ကို ချိတ်ပိတ်ထားတာ ၇ လတိတိကြာပြီ။ တစ်နေ့ကတော့ စစ်တပ်က မီးရှို့လိုက်လို့ ပြာကျသွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်တပ်က တရားလွှတ်တော်ရှေ့နေ ဒေါ်ဆုမွန်ရည်၏ နေအိမ်ကို မီးရှို့ ပြာမချခင် အမှတ် ၉ ရပ်ကွက်ဥက္ကဋ္ဌ၊ ပျူစောထီးတချို့နှင့် စစ်တပ်မှ လူတချို့ မီးသတ်ဝင်းထဲတွင် မတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် အစည်းအဝေးလုပ်ကြကြောင်း၊ ယင်းနောက် မွန်းလွဲ ၁ နာရီတွင် နေအိမ်ကို မီးရှို့ ပြာချလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“၂၆ ရက်နေ့ ၁၁ နာရီမှာ စစ်တပ်နဲ့ အမှတ် ၉ ဥက္ကဌ နဲ့ မီးသတ်ဝင်းထဲမှာအစည်းဝေးလုပ်နေတာရပ်ကွက်မှာရှိတဲ့ ပြည်သူတိုင်းက မြင်တယ်။ သူတို့အစည်းအဝေးပီးမကြာခင် ရှေ့နေအိမ်မီးစလောင်တာလောင်တာကတဖြည်းဖြည်းလောင်တာမဟုတ်ဘူး။ ဟုန်းကနဲ့တောက်ပြီး မီးခိုးလုံးကြီးတွေအလိပ်လိုက်တပ်လောင်တာ ၂ ထပ်အိမ်အကြီးစားကြီး ၅ မိနစ်လောက်နဲ့ပြာကျသွားတာ။ မီးသတ်ဝင်းနဲ့မီးလောင်တဲ့အိမ်နဲ့က ဝါးသုံးပြန်လောက်ပဲဝေးတာ။ ဘယ်လောက်နီးလဲဆိုရင် မီးသတ်ဝင်းထဲကနေ ရှေ့နေအိမ်ကို လှမ်းကြည့်ရင်ဘယ်သူဝင်တယ်ဘယ်သူထွက်တယ်ကအစမြင်ရတယ်။ ဒါကိုအချိန်မှီမငြိမ်းဘဲ ပြာကျခါနီးမှမီးသတ်ကားအယောင်ပြ လာပေးတယ်။ ပြည်သူတွေ မီးငြိမ်းသတ်မှာစိုးလို့ စစ်တပ်က မီးလောင်တဲ့နားကို ဘယ်သူမှ မကပ်ဖို့ မောင်းထုတ်တယ်” ဟု ရွှေဘိုဒေသခံတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများ၏ နေအိမ် ၅၀၀ နီးပါးကို ချိတ်ပိတ်ပြီးနောက် ယခုကဲ့သို့ နေအိမ်တချို့ကို မီးရှို့လာခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းကျေးရွာများတွင် ရွာလုံးကျွတ်မီးရှို့ခြင်းများကို ယခင်ကတည်းက ကျူးလွန်နေခြင်းဖြစ်သည်။
ဓာတ်ပုံ- ချိတ်ပိတ်ခံထားရသော တရားလွှတ်တော်ရှေ့ဒေါ်ဆုမွန်ရည်၏ နေအိမ် မီးမလောင်မီနှင့် မီးလောင်ပြီး မြင်ကွင်းဓာတ်ပုံများ။