26 C
Yangon

ဟင်္သာတ မြို့ရှောင် စစ်ဆေးဂိတ်တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလာသည့် ပြည်သူကိုဇင်ကိုအောင်ကို ပစ်သတ်

Must read

ရန်ကုန်၊ မတ် ၂၉

ဧရာဝတီတိုင်း ဟင်္သာတမြို့ပေါ် မြို့ရှောင်လမ်းရှိ စစ်ဆေးဂိတ်မှ အကြမ်းဖက် စစ်တပ်နှင့် ရဲများက ဆိုင်ကယ်စီးနင်းလာသည့် ကိုဇင်ကိုအောင်ကို မတ်လ ၂၄ ရက်နေ့ ညပိုင်းတွင် အကြောင်းမဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

စစ်တပ်နှင့်ရဲများက မြို့ရှောင်လမ်းပေါ်တွင် စစ်ဆေးရေးပြုလုပ်နေသည်ကို ကိုဇင်အောင်ကိုက တွေ့မြင်ပြီး ဖုန်းများ ဆိုင်ကယ်များ အသိမ်းခံရ၊ ငွေညှစ်ခံရမည်ကို စိုးရိမ်သောကြောင့် ဆိုင်ကယ် ပြည်လှည့်ရန် ပြုလုပ်နေစဉ်တွင် စစ်သားနှင့် ရဲများက မေးမြန်းခြင်းမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း၊ ဆေးရုံတက်နေစဉ် မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ်နှင့် ရဲများသည် မြို့ရှောင်လမ်း စစ်ဆေးရေး ဂိတ်တွင် ပြည်သူများ၏ ဆိုင်ကယ်များ ဖုန်းများကို မကြာခဏ သိမ်းဆည်းပြီး ငွေကြေးဖြင့် ပြန်လည် ပြန်ရွေးခိုင်းသော ဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

စစ်တပ်နှင့် ရဲများ ပစ်သတ်ခဲ့သော ကိုဇင်ကိုအောင်သည် မြန်အောင်မြို့နယ် ကောင်းမြတ်တော ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ရွာမှ သူငယ်ချင်းများနှင့်ဟင်္သာတမြို့ပေါ်သို့ လာစဉ် ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကိုဇင်ကိုအောင်၏ ရုပ်အလောင်းကို အကြမ်းဖက် စစ်တပ်နှင့်ရဲများက မတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် ပရဟိတအသင်း တစ်ခု၏ ကားဖြင့် ကျေးရွာသို့ပြန်လည် ပို့ဆောင်ပေးခဲ့ပြီး မတ်လ ၂၇ ရက်နေ့တွင် မြေချ သင်္ဂြိုလ်ခဲ့ကာ ကိုဇင်ကိုအောင်၏ ဖုန်း၊ ဆိုင်ကယ်၊ လက်စွပ်၊ ဆွဲကြိုးနှင့် ငွေသား သိန်း ၈ဝ ကို စစ်တပ်ရဲများက မိသားစုဝင်များထံ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ လုယူထားကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ရဲများက ကိုဇင်ကိုအောင်ကို သတ်ဖြတ်ပြီးနောက် ၎င်းနှင့်အတူ ဟင်္သာမြို့ပေါ်သို့ လိုက်ပါခဲ့သည့် သူငယ်ချင်း ၂ဦး၏ ကျေးရွာများကို စစ်တပ်နှင့်ရဲများက မတ်လ ၂၅ ရက်နေ့တွင် သေနတ်ပစ်ဖောက်ကာ ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်များကို ဓာတ်ပုံရိုက်ယူသွားကြောင်း၊ ကိုဇင်ကိုအောင်၏ မိသားစုဝင်များကို ခြိမ်းခြောက်ထားကြောင်း ဟင်္သာတမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်နှင့် ရဲများက အရပ်သားပြည်သူ ကိုဇင်ကိုအောင်ကို သတ်ဖြတ်ပြီးနောက် PDF တပ်ဖွဲ့ဖြစ်သောကြောင့် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပြည်သူများကို သတင်းမှားများ လိုက်လံ ပြောဆိုနေကြောင်း ဒေသခံပြည်သူများ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article