ရန်ကုန်၊ မတ် ၂
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ရှိ မြို့နယ် ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၃ဖွဲ့က မတ်လ ၁ရက်နေ့ ည ၉နာရီ ၄၅မိနစ်ခန့်တွင် ရှော့တိုက်ဒုံး ၇လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကင်းစောင့်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Voice Of Depeyin အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကောင်းကင် ၊စွယ်တော် ၊ ဇာမဏီ စသည့် မဟာမိတ် (၃) ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက သေနတ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ကောင်းကင်၊ စွယ်တော်၊ ဇာမဏီ မဟာမိတ် ၃ ဖွဲ့က ည ၉ နာရီ ၄၅ မိနစ်တွင် ကျကွဲ မိုင်း ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲစခန်းအတွင်း ပေါက်ကွဲသွားကြောင်း၊ ဒီပဲယင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးကလည်းပြောဆိုသည်။
ယင်းနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဘေးပတ်ဝန်းကျင်သို့ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။