29 C
Yangon

ကျင်းနယ်မြေရဲစခန်းမှ ရဲ ၁၅ ဦး လက်နက်နှင့် CDM ပြုလုပ်၊ အင်အားဖြည့်ရန်လာသော အကြမ်းဖက် စစ်ကောင်စီဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီဝင် ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၁၉

မကွေးတိုင်း ထီးလင်းမြို့နယ်၊ ကျင်းနယ်မြေရဲစခန်းကို PDF များ စီးနင်းတိုက်ခိုက်စဉ် စခန်းမှူး အောင်ကျော်စိန်သေဆုံးခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၁၅ ဦး လက်နက်နှင့် CDM ပြုလုပ်ခဲ့ပြီးနောက် အဆိုပါရဲစခန်းကို အင်အားဖြည့်တင်းရန် စစ်ကြောင်းဝင်ထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ အင်အား ၂၀၀ ဝန်းကျင်ကို ထီးလင်း PDF က ယမန်နေ့ ဧပြီလ ၁၈ ရက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၅၀ နီးပါး ထိခိုက်သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။

“မနေ့က သူတို့ ဝင်တဲ့အချိန်မှာ ကျွန်တော်တို့က အဲဒီမှာ မိုင်းတွေကို Remote နဲ့ လှမ်းခွဲတာ၊ အကျအဆုံးကတော့ ခန့်မှန်းခြေအရ သူတို့ စုနေတဲ့အချိန် ခွဲလိုက်တာဆိုတော့ အယောက် ၅၀ ပတ်လည်လောက်ပဲ “ ဟု ထီးလင်း PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောသည်။

ကျင်းရွာနယ်မြေရဲစခန်းသို့ အင်အားဖြည့်တင်းရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကပစ ၂၄ နှင့် အခြားတပ်ရင်း ၁ ခုမှ စစ်သားများဖြစ်ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများသည် ကျင်းရွာ တောင်ပိုင်းရှိ ပညာရေးဘော်ဒါဆောင်အပါအဝင် ပြည်သူ့ နေအိမ် ၈ အိမ်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထီလင်း PDF ထံမှ သိရှိရသည်။

ထီးလင်းမြို့နယ် ကျင်းရွာနယ်မြေရဲစခန်းကို ဧပြီလ ၁၇ ရက်နေ့တွင် ထီးလင်း PDF တပ်ဖွဲ့က တိုက်ခိုက်စီးနင်းခဲ့ပြီး စခန်းမှူး အောင်ကျော်စိန်အပါအဝင် ၄ ဦးမှာ ပြန်လည်ခုခံသဖြင့် သေဆုံးခဲ့ပြီး အခြား ရဲတပ်ဖွဲ့ဝင် ၁၅ ဦးမှာ CDM ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စခန်းမှူး အောင်ကျော်စိန်က စခန်းစီးနင်းခံရချိန်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အကြောင်းကြားကြောင်း၊ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း ထီးလင်း PDF ထံမှ သိရှိရသည်။

လက်နက်နဲ့တကွ CDM ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးကို PDF ထီးလင်းတပ်ဖွဲ့က လုံခြုံစိတ်ချရသော နေရာသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article