ရန်ကုန်၊ ဧပြီ ၂
လမ်းအသုံးပြုခကောက်ခံရေး ဂိတ် ၈ ခုကို လေလံတင်ဒါခေါ်ယူပွဲကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ်လ ၂၈ ရက်နေ့၌ ကျင်းပခဲ့ပြီး ဝင်ငွေကောင်းသည့် ဂိတ် ၃ ခုကို ဦးကျော်သက်ဆိုသူ တပ်အငြိမ်းအစားတစ်ဦးထံ ကချင်ပြည်နယ် စစ်ကောင်စီက လက်သိပ်ထိုးချပေးခဲ့ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဆက်သွယ်ထားသည့် ရွှေဘို-မြစ်ကြီးနားကားလမ်းပေါ်တွင် လမ်းအသုံးပြုခကောက်ခံသည့် နာမည်ကြီးဂိတ် လေးခုရှိပြီး နန့်စီးအောင်ဂိတ်၊ ဟိုပင်ဂိတ်နှင့် မြစ်ကြီးနားဂိတ် ၃ ခုကို ဦးကျော်သက် တစ်ဦးတည်းကို လုပ်ပိုင်ခွင့်များချပေးလိုက်ကြောင်း သိရှိရသည်။
“ထုံးစံအတိုင်း ဘတ်ဂျက်နှစ်မကုန်ခင်မှာ ကချင်စကစ က လေလံလိုလို တင်ဒါလိုလို ခေါ်တယ်၊ စည်းမျဉ်းအတိုင်းလုပ်မယ် ဘာညာပြောတယ်။ အဲဒီမှာ နေပြည်တော်က ညွှန်ကြားလို့ဆိုပြီး တပ်အငြိမ်းစားဆိုလား၊ ကိုယ်စားလှယ်ဆိုလား ဦးကျော်သက်လို့ ခေါ်တဲ့သူ တစ်ယောက်တည်းကို ချပေးလိုက်တယ်။ နာမည်အတုတွေနဲ့ လုပ်ပိုင်ခွင့်ပေးလိုက်တယ်၊ ကျန်တဲ့သူတွေ အကုန်လုံး ငုတ်တုတ်မေ့ပဲ။ အရမ်းပဲ ငတ်ပြတ်နေတာလား၊ အဲလိုဆိုလည်း အရင်ကတည်းက တင်ဒါမခေါ်နဲ့လေ” ဟု လေလံပွဲတက်ရောက်ခဲ့သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အဆိုပါ လေလံပွဲတွင် ရွှေဘို-မြစ်ကြီးနားလမ်းပေါ်ရှိ ဂိတ် ၄ ခု အပါအဝင် ဂိတ် ၈ ခုအတွက် လေလံတင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကာ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဂိတ် ၃ ခုကို လူပုဂ္ဂိုလ် ၁ ဦးတည်းထံ လက်သိပ်ထိုး ချပေးခဲ့ခြင်းဖြစ်သည်။
လေလံပွဲတွင် စီးပွားရေးလုပ်ငန်းရှင် ၃၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုလို လက်သိပ်ထိုးချပေးခဲ့ခြင်းအတွက် လုပ်ငန်းရှင်များက မကျေနပ်ကြကြောင်း သိရှိရသည်။