ရန်ကုန်၊ ဧပြီ ၃
မကွေးတိုင်း ရေစကြိုမြို့နယ် ဖြုံဘူးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ ဧပြီ ၃ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ဝင်ရောက် ပစ်ခတ်ကာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးပြီး အမျိုးသမီးတစ်ဦးကို ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း ရေလယ်ကျွန်း သတင်း ၂ ထံမှ သိရှိရသည်။
သေဆုံးသူ အမျိုးသမီးမှာ ကျောက်ဖူးကျေးရွာမှ စစ်ဘေးရှောင် အမျိုးသမီး ဖြစ်ပြီး အမည်အတိအကျကို မသိရှိရသေးပေ။
အကြမ်းဖက် စစ်ကောင်စီသည် ယမန်နေ့ ဧပြီလ ၂ ရက်နေ့ကတည်းက ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကျေးရွာများကို ဝင်ရောက်စီးနင်းနေခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဧပြီ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ အင်အား ၁၅၀ ဝန်းကျင်ဖြင့် မီးလောင်ကျွန်းရွာ၊ မိဖုရားကျေးရွာ၊ ခြံယာကျေးရွာ၊ လှေခုတ်ကျေးရွာများရှိ ပြည်သူများ နေအိမ် ၁၅ လုံးကျော် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီများသည် နှစ်ဖွဲ့ခွဲကာ ဘိုကုန်း၊ တောင်ကုန်းကျေးရွာများကို မီးတရစပ်ရှို့နေကြောင်း ရေလယ်ကျွန်း သတင်း ၂ တွင် ဖော်ပြထားသည်။
ပုံစာ – အကြမ်းဖက် စစ်ကောင်စီ၏ ပစ်ခတ်သတ်ဖြတ်ခံရသည့် အမျိုးသမီး