ရန်ကုန်၊ ဧပြီ ၃
ရန်ကုန်တွင် စစ်ကောင်စီခန့် စံချိန်မှီအုပ်ချုပ်ရေးမှူး စိုးမိုးနှင့် တပည့်တစ်ဦး အသတ်ခံရပြီး PDF တစ်ဦး လက်နက်ဖြင့် အဖမ်းခံရကြောင်း ချေကွေဗားရား(ကျောက်တန်း)အဖွဲ့က တရားဝင်သတင်းထုတ်ပြန်သည်။
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်တွင် ဧပြီလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ချေဂွေဗားရား(ကျောက်တန်း)အဖွဲ့က စစ်ကောင်စီခန့် စံချိန်မှီအုပ်ချုပ်ရေးမှူး စိုးမိုးနှင့် တပည့်ဖြစ်သူများကို ပစ်ခတ်ရာ စိုးမိုးနှင့် တပည့်၁ ဦး သေဆုံးပြီး တချို့ဒဏ်ရာရရှိကြောင်း၊ အုပ်ချုပ်ရေးမှူး စိုးမိုး၏လူမိုက်အဖွဲ့ က ပြန်လည်တိုက်ခိုက်ခဲ့ရာ ချေဂွေဗားရားမှ ရဲဘော် ၁ ဦး ဒဏ်ရာရရှိပြီးလက်နက်နှင့်အတူ ဖမ်းဆီးခံရကြောင်း အဆိုပါအဖွဲ့က သတင်းထုတ်ပြန်သည်။
အလားတူ ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဇော်မိုးလွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့လာရာလမ်းတွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း၊ ပစ်ခတ်မှုကြောင့် ဝဲဘက်ရင်အုံကျည်ဖောက်ဝင်ဒဏ်ရာ၊ညာဘက်ဗိုက်ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။
“ဇော်မိုးလွင် အသတ်ခံရလို့ အခု ပြည်ကြီးရန်လုံရပ်ကွက်ဘက်မှာ စစ်ခွေးတွေ အစစ်အဆေး ကြမ်းနေတယ်။ ဘာမှ အပြစ်မရှိတဲ့ ပြည်သူတွေကို ပါးရိုက် နားရိုက်တွေလည်းလုပ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- မန္တလေးတွင် ပစ်သတ်ခံလိုက်ရသော စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်မိုးလွင်။