ရန်ကုန်၊ ဧပြီ ၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်၊ မိုင်းထားဒေသရှိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA စခန်းတစ်ခုကို ယမန်နေ့ ဧပြီလ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၁၇၁ စစ်ဒေသက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အကျအဆုံးရှိကာ စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။
“ဧပြီ ၅ ရက်နေ့ ထိုင်းစံတော်ချိန် ၁၁ နာရီ (မြန်မာစံတော်ချိန် ၁၀ နာရီခွဲ) လောက်မှာ UWSA ၁၇၁ စစ်ဒေသရဲ့ လက်အောက်ခံတပ်တွေက ကျနော်တို့ RCSS တပ်ဖွဲ့တွေ ရှိတဲ့နေရာကို တက်ပြီးတော့ ပစ်ခတ်တာပေါ့။ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲ ကြာတယ်၊ သူတို့ ပြန်ဆုတ်သွားတယ်။ အခုလက်ရှိ အခြေအနေကတော့ တည်ငြိမ်နေတယ် ခင်ဗျ၊ ဒါပေမယ့် စစ်ရေးတင်းမာမှုတော့ ရှိနေတုန်းပဲ” ဟု RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။
အဆိုပါ တိုက်ပွဲတွင် RCSS တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့သလို ဝ တပ်ဖွဲ့ဘက်မှာလည်း အကျအဆုံးရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရပြီး ဗိုလ်မှူးခမ်းစံက နှစ်ဖက်ကျဆုံးမှုစာရင်းကို မသိရှိရသေးကြောင်း ပြောဆိုသည်။
ဝ တပ်ဖွဲ့၏ ဝင်ရောက်တိုက်ခိုက်ခြင်းခံရသော RCSS စခန်း အနီးဝန်းကျင်တွင် စစ်ကောင်စီစခန်းကုန်းများ၊ UWSA စခန်းကုန်းများ တည်ရှိနေကြောင်း သိရှိရသည်။
“ဒီနေရာမှာ ကျနော်တို့ RCSS စခန်းရှိထားတာက ကြာပြီခင်ဗျ၊ အဲဒီနေရာက မိုင်းတုံမြို့နယ်ထဲမှာ ရှိတာ၊ ထိုင်း-မြန်မာနယ်စပ်နေရာမှာပေါ့။ အဲဒီဒေသမှာ တောင်ဘက်တကြောမှာတော့ RCSS ရှိတယ်၊ မြောက်ဘက်တကြောမှာတော့ စစ်ကောင်စီစခန်းကုန်းတွေလည်း ရှိတယ်၊ UWSA ဝ ပြည်တောင်ပိုင်း ၁၇၁ စစ်ဒေသ စခန်းကုန်းတွေလည်း ရှိတယ်။ မျက်နှာခြင်းဆိုင်အနေအထားရှိတဲ့ ရင်ဆိုင်ကုန်းတွေပေါ့” ဟု ဗိုလ်မှူးခမ်းစံက ရှင်းပြသည်။
၂၀၁၅ ခုနှစ်နောက်ပိုင်း RCSS နှင့် UWSA ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုနှစ် ၂၀၂၂ ခုနှစ်တွင်မှာ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ စစ်ရေးတင်းမာလာခြင်းဖြစ်သည်။
ဓါတ်ပုံ – ကျဆုံးခဲ့သော RCSS ရဲဘော် ၅ ဦးနှင့် လက်နက်ခဲယမ်းများ