ရန်ကုန်၊ ဧပြီ ၇
မင်းတပ်မြို့မှ ထွက်ခွာလာသော စစ်ကား ၈၄ စီးပါ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ယနေ့တွင် မတူပီမြို့အနီးသို့ ရောက်ရှိလာပြီး နံနက် ၆ နာရီ ၄၀ မိနစ်တွင် CDF မတူပီက ပစ်ခတ်တိုက်ခိုက်ရာ တိုက်ပွဲ ၁ နာရီကျော်ကြာဖြစ်ပွားပြီး စစ်သား ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရသွားကြောင်း CDF – မတူပီက သတင်းထုတ်ပြန်သည်။
မင်းတပ်မြို့ဘက်မှ ထွက်ခွာလာသော စစ်ယာဉ်တန်းကို CDF – မတူပီက ဧပြီလ ၅ ရက်နေ့မှ စတင်တိုက်ခိုက်နေခဲ့ပြီး အဆိုပါ စစ်ယာဉ်တန်းသည် ယနေ့တွင် မတူပီမြို့မှ ၁၅ မိုင်အကွာသို့ ရောက်ရှိလာစဉ် ထပ်မံတိုက်ခိုက်ခံရခြင်းဖြစ်သည်။
မတူပီအခြေစိုက် တပ်ရင်း စခန်းများက တိုက်ပွဲဖြစ်ရာ နေရာများနှင့် ချန်းပြန်း (က) ရွာဟောင်းဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားရန် အလားအလာများရှိနေကြောင်း CDF – မတူပီ ထံမှ သိရှိရသည်။
မတူပီဗျူဟာသို့ ရိက္ခာဖြည့်တင်းရန် ထွက်ခွာလာသော ၈၄ စီးပါ စစ်ယာဉ်တန်းသည် မင်းတပ်မြို့မှာ မတ်လ ၂၄ ရက်နေ့တွင် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး မင်းတပ်မြို့နယ် ဧရိယာအတွင်း၌ CDF – မင်းတပ်တပ်ဖွဲ့များကလည်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သဖြင့် စစ်သား ၂၀ ကျော် သေဆုံးခဲ့သည်။
အလားတူ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းမှ ပြန်လာသော စစ်ကောင်စီ ကား ၃ စီးကို ဇီးကုန်းရွာအနီးတွင် ယနေ့နံနက် ၁၁ နာရီခန့်၌ PDF ရေစကြိုက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး နေရာတွင် သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း PDF ရေစကြိုက သတင်းထုတ်ပြန်သည်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်၍ ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရကြောင်း သိရှိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့နံနက် အစောပိုင်း ၁ နာရီခန့်တွင် ပခန်းငယ်ရွာအနီး၌ မိုင်းဆွဲခံခဲ့ရပြီး သေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း PDF ရေစကြိုထံမှ သိရှိရသည်။
ဓါတ်ပုံ – စစ်ကောင်စီ၏ စစ်ကား ၈၄ စီး ယာဉ်တန်းကို မင်းတပ်မြို့အနီးတွင် တွေ့ရစဉ်