33 C
Yangon

ပြည်သူပိုင် ဒေါ်လာများကို စစ်တပ်က သိမ်းဆည်းပြီး ဒေါ်လာ အသုံးပြုလိုလျှင် စစ်တပ်ခွင့်ပြုမှ သုံးခွင့်ရမည့် အမိန့်ကြောင့် စျေးကွက်စီးပွားရေးစနစ်ပျက်ပြယ်ပြီး တိုင်းပြည်တံခါးပိတ်ပြီဟုဆို၊ ဂျပန်နှင့်စင်ကာပူသံရုံးများက ၎င်းတို့ကုမ္ပဏီများအတွက် မေတ္တာရပ်ခံစာထုတ်

Must read

ရန်ကုန်၊ ဧပြီ ၆

အများပြည်သူများ၏ ငွေစာရင်းများရှိ အမေရိကန်ဒေါ်လာများကို ငွေရရှိပြီး ၂၄ နာရီအတွင်း မြန်မာကျပ်ငွေ ပြောင်းလဲရမည်ဖြစ်‌ကာ သွင်းကုန်များတင်သွင်းလိုခြင်းအပါအဝင် ဒေါ်လာ အသုံးပြုမှုများကို စစ်ကောင်စီက ခွင့်ပြုမှသာ သုံးခွင့်ရမည်ဖြစ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ကြေညာမှုသည် စျေးကွက်စီးပွားရေး စနစ် ပျက်ပြယ်ပြီး တိုင်းပြည်တံခါးပိတ်လိုက်ခြင်းဖြစ်သည်ဟု ပြည်တွင်းစီးပွားရေးကျွမ်းကျင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ပို့ကုန်နဲ့ပတ်သက်လို့ ဝင်တဲ့ငွေဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဒေါ်လာရလာပါစေ သူတို့ကို အပ်၊ မြန်မာငွေပဲကိုင်ဆိုတာမျိုးဖြစ်သွားတယ်။ကိုယ်က ဒေါ်လာသုံးရမယ့်ဟာမျိုးကျတော့ သူတို့ဆီမှာ ခွင့်ပြုချက်ယူရမယ်။ သူတို့ခွင့်ပြုမှ ဝယ်ရမယ်။ သူတို့ခွင်မပြုရင် ဝယ်လို့မရဘူးပေါ့။ စျေးကွက်စီးပွားရေး စနစ် ဆိုတာ ပျက်သွားပြီ။ ငွေလဲနှုန်းကလည်း သူတို့သတ်မှတ်တဲ့ တစ်ဒေါ်လာ ၁၈၅၀ နဲ့ ပဲ ဖြတ်မယ်ဆိုတော့ စျေးကွက်က ပြဋ္ဌာန်းတဲ့ နှုန်းရှင် ပျက်သွားပြီ။ တိုင်းပြည်မှာ စျေးကွက်လိုအပ်ချက်မဟုတ်ဘဲနဲ့ သူတို့ သွင်းစေချင်တဲ့ သွင်းကုန်လောက်ပဲ သွင်းလို့ရတော့မယ်။ စျေးကွက်စီးပွားရေးစနစ်မှာ စျေးကွက်ရဲ့ တောင်းဆိုချက် Demand Supply အတိုင်းပဲသွားတာ။ အခုက Demand Supply ထက် အာဏာနဲ့ အကုန်ထိန်းပစ်လိုက်တာ။ တစ်နည်း တိုင်းပြည်ကို ပိတ်လိုက်ပြီ” ဟု ပြည်တွင်းစီးပွားရေးကျွမ်းကျင်သူက သုံးသပ်ပြောဆိုသည်။

ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့် ဒေါ်လာဝင်ငွေများကို ၂၄ နာရီအတွင်း မြန်မာငွေ ပြောင်းလဲရောင်းချရမည်ဖြစ်သော်လည်း ဒေါ်လာကို ပြန်လည်အသုံးပြလိုပါက ကုန်သွယ်ရေးဦးစီးဌာနတွင် နိုင်ငံခြားငွေဝယ်ယူခွင့် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် စစ်ကောင်စီ၏ နိုင်ငံခြားငွေစီမံခန့်ခွဲရေးကော်မတီထံတွင်လည်း ခွင့်ပြုယူရမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီအမေရိကန်ဒေါ်လာငွေများကို မြန်မာငွေ ပြောင်းလဲရန် ညွှန်ကြားချက်နှင့်ပတ်သက်၍ စင်ကာပူနှင့် ဂျပန် သံရုံးများက ၎င်းတို့နိုင်ငံမှ ကုမ္ပဏီများအတွက် ကင်းလွတ်ခွင့်နှင့်ခြွင်းချက်ပေးရန် စစ်ကောင်စီထံ စာရေးသားပေးပို့ တောင်းဆိုထားကြသည်။

“စစ်တပ်လုပ်လိုက်တာက စီးပွားရေး အခြေခံအုတ်မြစ်ဖြစ်တဲ့ Trust ယုံကြည်မှုကို အမြစ်က ဆွဲနုတ်တာ။ ဒီနိုင်ငံမှာ ကိုယ့်ငွေတောင် ကိုယ်မပိုင်တော့ဘူး။ အာဏာကပဲ ထိန်းချုပ်တယ်ဆိုတာကိုပြတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားဖို့ တွန်းအားဖြစ်စေတယ်” ဟု ပြည်တွင်းစီပွားရေးကျွမ်းကျင်သူက ဆိုသည်။

“Software နဲ့ i-Cloud ဝယ်တာတောင် ဝယ်မရတော့ဘူးဆိုတော့ ဒါက မဆလခေတ်ပြန်ရောက်သွားတာပဲ။ ဒါကြီးက အတော်ကိုဆိုးပါတယ်။ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ အကုန်ထွက်သွားနိုင်တယ်” ဟု ပြည်တွင်းငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုမှ အမှုဆောင်အရာရှိတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ အာဏာလုမှုကြောင့် မြန်မာနိုင်ငံအတွင်းမှ နိုင်ငံခြားကုမ္ပဏီများ အပြိုင်အဆိုင် ထွက်ခွာလျက်ရှိပြီး ရေနံကုမ္ပဏီကြီးများ၊ ဆက်သွယ်ရေးကုမ္ပဏီများ အပါအဝင် ကုမ္ပဏီများ ထွက်ခွာလျက်ရှိနေသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article