28 C
Yangon

လွိုင်ကော် ၃၆၂ တပ်ရင်းမှ ထွက်ပြေးလာသော တပ်သား ၁ ဦးကို KNDF တပ်ရင်း ၁၀ က ဖမ်းဆီးပြီး ကရင်နီပြည်ရဲဌာနကို လွှဲပြောင်းထား၊ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးလာသည့် အခြားစစ်သား ၃ ဦး ပျောက်ဆုံးနေဆဲ

Must read

ရန်ကုန်၊ ဧပြီ ၈

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အခြေစိုက် အမတ ၃၆၂ မှ ထွက်ပြေးလာသော တပ်သားအောင်ဆန်းလင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၀ က ဖမ်းဆီးပြီး ကရင်နီပြည်နယ်ရဲဌာနထံ လွှဲပြောင်းပေးထားကြောင်း သတင်းရရှိသည်။

“၆ ရက်နေ့ညနေမှာ သူထွက်ပြေးလာတယ်၊ သူက ဒီဘက် ရွာတွေမှာ လျှောက်သွားနေတော့ ဒေသခံတချို့က ကျနော်တို့ကို ဆက်သွယ်လာလို့ ကျနော်တို့ သူ့ကို သွားခေါ်တယ်။ အခုတော့ ကရင်နီပြည်နယ်ရဲဌာနဆီ အပ်ထားလိုက်ပါပြီ” ဟု KNDF တပ်ရင်း ၁၀ တပ်ရင်းမှူး ခူးမီးရယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စစ်သက် ၆ နှစ်ရှိပြီဖြစ်သော တပ်သားအောင်ဆန်းလင်းသည် တပ်တွင်း၌နေထိုင်စဉ် မိသားစုနှင့် ဆက်သွယ်၍ မရကြောင်း၊ ဗိုလ်အဆင့် အရာရှိများ၏ အကြောင်းပြချက်မရှိ ပိုက်လုံးများဖြင့် ရိုက်နှက်ထုထောင်းခြင်းကို ခံရကြောင်း သိရှိရသည်။

အဆိုပါ ၃၆၂ အမြှောက်တပ်ရင်းမှ တပ်သား ၄ ဦး ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ အခြား ၃ ဦးတွင် လက်နက်များ ပါပြီး တပ်သား‌ အောင်ဆန်းလင်းနှင့် လူစုကွဲသွားကြောင်းလည်း သိရှိရသည်။

“အခြား ၃ ယောက်ကတော့ မတွေ့သေးဘူး၊ လက်နက်အပြည့်အစုံပါတယ်လို့ အောင်ဆန်းလင်းကပြောတယ်၊ ကျနော်တို့ကတော့ စုံစမ်းရှာဖွေနေတုန်းပဲ” ဟု တပ်ရင်းမှူး ခူးမီးရယ်က ဆက်ပြောသည်။

လက်ရှိတွင် တပ်သားအောင်ဆန်းလင်းသည် ကရင်နီပြည်နယ်ရဲဌာနတွင် ‌ရောက်ရှိနေပြီး KSP က ခိုလှုံလာသူများ၊ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများကို လူ့အခွင့်အရေးနှင့်အညီ ထိမ်းသိမ်းဆောင်ရွက်နေကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုထားသည်။

ဓါတ်ပုံ – တပ်သားအောင်ဆန်းလင်း
photo credit – ကန္တာရဝတီတိုင်း(မ်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article