ရန်ကုန်၊ ဧပြီ ၈
မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့တောင်ပိုင်း၊ ကျောင်းကုန်းရွာ ကို ဧပြီလ ၇ ရက်နေ့ ညနေ ၃နာရီ ၄၀မိနစ်ခန့်အချိန် စစ်သားနှင့် ပျူစောထီးများက လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းပြီး ပြည်သူ့နေအိမ်များ အပါဝင် ပစ္စည်းများကို မီးရှို့ ဖျက်ဆီးကြကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၈၀ ခန့်မီးလောင်ပြာကျပျက်စီးပြီး နွားနှင့်အိမ်မွေးတိရိစ္ဆာန်များ မီးထဲပါသွားပြီး သေဆုံးသွားကြောင်း၊ ယနေ့ မွန်းလွဲ ၂ နာရီတွင်လည်း စစ်ရဟတ်ယာဉ်ဖြင့် ကျောင်းကုန်းကျေးရွာအနီးရှိ ရွာများကို စစ်တပ်က ပစ်ခတ်ကြေင်း သိရှိရသည်။
“သူတို့က ကျောင်းကုန်းရွာကို ဝင်စီးပြီးတော့ ဒီနေ့ မွန်းလွဲ ၂နာရီမှာ စစ်ရဟတ်ယာဥ် ၁စီးနဲ့ ၁၅မိနစ်လောက် ကျောင်းကုန်းကျေးရွာအထက်ဝေဟင်ကနေပျံဝဲပြီးတော့ ကျောင်းကုန်းကျေးရွာအနီးအနားက ရွာတွေကိုလေယာဉ်နဲ့ပစ်တယ်။ ကျောင်းကုန်းနားက ရေနီကျေးရွာကိုလည်း မနေ့ ညနေ ၄ နာရီမှာ ရဲ ၅ ယောက်၊ ပျူ ၂၀ စစ်သား ၃၀ ကျော် စုစုပေါင်းအင်အား ၆၀ လောက်နဲ့ဝင်စီးပြီးတော့ ည ၇ နာရီမှာ ဖောကား၂စီးဖြင့် အဝတ်အထည်၊ဆန်၊ဆီ၊စားသောက်ကုန်တွေ ခိုးသွားတယ်။ ဒီနေ့ ၈ ရက်နေ့ နံနက်၈နာရီမှာလည်း နောက်ထပ်ဖောကား၂စီးဖြင့် ရေနီရွာထဲက ပစ္စည်းတွေ သယ်နေကြတယ်။ ကျောင်းကုန်းနဲ့ ရေနီရွာတွေက ပြည်သူတွေက အကုန်ထွက်ပြေးနေရတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ရှိတွင် မကွေးတိုင်း၊ ပေါက်မြို့နယ်ကို စစ်တပ်က အလုံးအရင်းဖြင့် ထိုးစစ်များဆင်လျက်ရှိပြီး လေကြောင်း၊ ကုန်းကြောင်း အင်အားများစွာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ပစ်ခတ်တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်ဟု သိရှိရသည်။



