ရန်ကုန်၊ ဧပြီ ၈
စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ရှောက်ခါးကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ဧပြီလ ၇ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာသား ကိုရွှေသင်းကို ထိမှန်ကာ သေဆုံးခဲ့ပြီ ရုပ်အလောင်းကို စစ်တပ်က မီးရှို့ဖျောက်ဖျက်ကာ ပြည်သူပိုင် နေအိမ် ၆၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်စဉ် ထွက်ပြေးတိမ်းရှောင်ရန် ပြုလုပ်နေသည့် အသက် ၂၅ အရွယ် ကိုရွှေသင်းကို ထိမှန်ခဲ့ကာ စစ်တပ်က ရုပ်အလောင်းအား နေအိမ်နှင့် တပါတည်း မီးရှို့သွားကာ ဖျောက်ဖျက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်သည် ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၆၇လုံး နှင့် သီးနှံသိုလှောင်ရာစပါးကျီများ၊ ဆိုင်ကယ်၊ ထွန်စက်၊ ရေစက်နှင့် လယ်ယာလုပ် ပစ္စည်းများပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများ မွေးမြူထားသည့် လယ်ယာသုံး နွားနှင့် ကြက်၊ ဝက် အိမ်မွေး တိရစ္ဆာန်များကိုပါ သတ်ဖြတ်စားသောက် သွားကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာနေ ပြည်သူ ကိုမျိုးမင်း အပါအဝင် ပြည်သူ တချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကျန်သူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
Photo – အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့



