ရန်ကုန်၊ ဧပြီ ၉
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၊ ခါးပိုက်ဆောင် BGF တပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား ၃ ရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၆ ဦး သေဆုံးကာ ၅ ဦး ထက်မနည်း ဒဏ်ရာရကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။
ဧပြီလ ၆ ရက် မွန်းလွဲ ၁ နာရီ ၅၉ မိနစ်တွင် ညာပေါ်ကလိုးနှင့် ကဟောကလိုးကြား လမ်းကင်းလုံခြုံရေးယူနေသော စစ်ကောင်စီ ခါးပိုက်ဆောင် BGF တပ်ဖွဲ့ကို ၁ ကြိမ်၊ ၂ နာရီခွဲတွင် ကျဲဘုလို၌ ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ BGF ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျမသိရသေးကြောင်း KNU တပ်မဟာ ၅ က ဆိုသည်။
ဧပြီလ ၇ ရက်တွင် လူသောမြို့နယ်အတွင်း၌ တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများ ရှိနိုင်ကြောင်း၊ ဒွယ်လိုးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ကို KNLA က ၃ ကြိမ် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း မူတြော်သတင်းစဉ်က ဖော်ပြသည်။
စစ်ကောင်စီသည် မိုးဦးကာလမရောက်ခင်အမီ ရှေ့တန်းတပ်စခန်းများအတွက် စားနပ်ရိက္ခာများနှင့် လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရန် အားထုတ်နေကြောင်းနှင့် ယင်းကြောင့် KNLA တပ်မဟာ ၅ လက်အောက် တပ်ရင်း တပ်ခွဲများနှင့် နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရှိရသည်။
ဓါတ်ပုံ – KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ