ရန်ကုန်၊ ဧပြီ ၉
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်၊ တာဟန်းရပ်ကွက်၊ အင်ဒိုင်းကုန်းရပ်ကွက်၊ မွှန်ထာရပ်ကွက်နှင့် မြို့လှရပ်ကွက်များတွင် ဒေသ PDF များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ ယနေ့ နံနက် ၉ နာရီခွဲအချိန်မှစတင်ပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“အခုပဲ တာဟန်းရပ်ကွက်ဘက်မှာ ပေါက်ကွဲသံ၊ ပစ်ခတ်သံကြားရပါတယ်။ လမ်းပေါ်တွေမှာတော့ လူသွား လူလာ တော်တော်ရှင်းသွားပါတယ်။ ရပ်ကွက်တွေမှာထဲမှာတော့ ပစ်နေသံတွေကြားရတယ်။ အခု ပြန်တိတ်သွားပြီ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ကလေးမြို့ပေါ်၊ အင်ဒိုင်းကုန်ရပ်ကွက်၊ တောင်သာဂေါက်ကွင်းလမ်းမကြီးပေါ်တွင်ပါ ပစ်ခတ်သံများကြားရခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ယမန်နေ့ ဧပြီလ ၈ ရက်နေ့ ညနေ ၅ နာရီအချိန် ကလေးမြို့၊ တာဟန်းရပ်ကွက်ရှိ သစ္စာဦးစာစီမိတ္တူဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး အဆိုပါဆိုင်သည် စစ်တပ်ပိုင် Mytel Fiber Line ကို ကိုယ်စားလှယ်ယူ၍ ဖြန့်ချိခြင်း၊ အင်တာနက်ဘေလ်ခများကောက်ခံခြင်းများ လုပ်ဆောင်သည့် စစ်တပ်ထုတ်ကုန် အရောင်းကိုယ်စားလှယ်ဆိုင်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကလေးဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။



