ရန်ကုန်၊ ဧပြီ ၁၀
မွန်ပြည်နယ်၊ သထုံခရိုင်ထွေအုပ်ရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးအတွက် ဆန်အိတ်တစ်အိတ်နှင့် ဆီတစ်ပုံလာထားသွားပြီး ယင်းလက်ဆောင်များအတွင်းမှ ဗုံးပေါက်ကွဲကာ ရဲ ၂ ဦး အပြင်းအထန်ထိခိုက်ပြီး ရုံးပြိုကျသွားကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန် ဗုံးပေါက်ကွဲပြီး ရဲ ၂ ဦးထိခိုက်သွားကာ ရုံးပါပြိုကျသွားခြင်းဖြစ်သည်ဟု သိရှိရသည်။
“သထုံခရိုင် ထွေအုပ်ရုံး ဗုံးကွဲတာက ရဲ ၂ ဦးထိခိုက်သွားတယ်။ ဖြစ်ပုံက လူ ၁ ဦးက ရုံးဝင်းအတွင်းကို ဆန်အိတ် ၁ လုံးနှင့် ဆီ ၁ ပုံး လက်ဆွဲလာပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ကို လာရောက်ဂါရဝပြုတာ၊ သူက ဒီမှာထားခဲ့ပါလို့ ပြောသဖြင့် လာထားခြင်းဖြစ်တယ်ပြောပြီး ပြန်ထွက်သွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို လာရောက်ဂါရဝပြုလက်ဆောင်ဆိုတော့ မတားရဲကြဘူး။ အဲဒီလက်ဆောင်ထဲကနေ ဗုံးကွဲတာ။ ရဲ ၂ ဦးထိတာ ဒဏ်ရာပြင်းတယ်။ ရုံးကတော့ ပြိုကျသွားပြီ” ဟု သထုံမြိုု့နယ်ရဲသတင်းရင်းမြစ်က ပြောသည်။



