ရန်ကုန်၊ ဧပြီ ၁၀
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ စစ်သားများနှင့် လက်ပါးစေ ပျူစောထီးများ ကင်းလှည့်နေစဉ် ယမန်နေ့ ဧပြီလ ၉ ရက် ည ၈ နာရီခန့်၌ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်၍ စစ်ကောင်စီတပ်ဖွဲ့မှ ၅ ဦးခန့် သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။
“မနေ့ညက အင်္ကုက္ကားရွာအနောက်ဘက် ကျွန်းတောကုန်းဘက်ကို သွားတဲ့လမ်းမှာ မူးဘောင်တံတားမှာ ပဒေသာမိုင်း ဆွဲတာပါ၊ ၅ ယောက်လောက် သေမယ်။ အပြန်အလှန်ပစ်ခတ်မှုမရှိဘူး” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီစစ်သားများနှင့် ပျူစောထီးများသည် ည ၁၁ နာရီခန့်တွင် အင်္ကုက္ကားကျေးရွာနှင့် ဆင်ငယ်ကျေးရွာကြားရှိ အများပြည်သူနေအိမ်များ၊ ကြက်မွေးမြူရေးခြံများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးတပ်ဖွဲ့ကို တန့်ဆည် PDF တပ်ရင်း (၇) တပ်ခွဲ (၃) တပ်ဖွဲ့များဖြစ်သော Taze Phoenix၊ K.P.K Guerrilla Warfare နှင့် မူးမြစ်ဝှမ်းလွင်ပြင်တပ်ဖွဲ့ ပလဖ တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ နတ်မောက်မြို့ ပညာရေးမှူးရုံးကို ငါးပြေမပြောက်ကျားတပ်ဖွဲ့က ယမန်နေ့ ဧပြီလ ၉ ရက် ည ၇ နာရီဝန်းကျင်တွင် မိုင်းဖောက်ခွဲသတိပေးခဲ့ကြောင်း သိရှိရသည်။
တောတောင်တွင်း အသက်ပေးတိုက်ပွဲဝင်နေသည့် တော်လှန်ရေးရဲဘော်များကို ကိုယ်ချင်းစာသည့်အနေဖြင့် နတ်မောက်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်၌ ပြုလုပ်မည့် သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပါဝင်ခြင်းမပြုရန် ငါးပြေမပြောက်ကျားအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။


