25 C
Yangon

နမ့်ဆန်မှာ စစ်ကောင်စီ တပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်

Must read

ရွှေဖီမြေ၊ ဧပြီလ ၁၀ ရက်၊ နမ့်ဆန်

ရှမ်းမြောက် တအာင်း(ပလောင်)ဒေသ နမ့်ဆန်မြို့နယ် နမ့်ခေးကျေးရွာ တပ်စခန်းကုန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ရင်း(၂၅၂)က တပ်သား ၄ ဦးဟာ ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်မှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်။

၎င်းတို့ ၄ ဦးစလုံးဟာ တပ်သားအဆင့်ရှိသူတွေဖြစ်ကြပြီး တပ်ထဲမှာ ဖိနှိပ်မှုဒဏ်ကို မခံနိုင်တာကြောင့် ထွက်ပြေးခဲ့ကြတာလို့ ဆိုပါတယ်။

ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ တပ်သားတစ်ဦးက “အထဲမှာက နေရတာက ကြမ်းတယ်။ ဖိနှိပ်ခံရတယ်။ အပြစ်မရှိလည်း အပြစ်ရှာပြီး ပါးတွေရိုက်တာပဲ။ ကျနော်တို့မှာ ဘာမှပြောပိုင်ခွင့် မရှိဘူး။ လစာက ပုံမှန် ၁ သိန်း ၆ သောင်း ပေးတယ်လို့ ပြောတယ်။ ဒါပေမဲ့ တစ်လတစ်လေမှ တစ်သိန်းကျော်ရတာ။ အဲဒါကြောင့် ကျနော်တို့ တိုင်ပင်ပြီး ပြေးကြတာ” လို့ ပြောပါတယ်။

အဲဒီတပ်သား ၄ ဦးစလုံးဟာ စစ်ကောင်စီတပ်က နည်းအမျိုးမျိုးနဲ့ စစ်သား စုဆောင်းတာ ခံရသူတွေဖြစ်ကြပြီး စစ်သားလုပ်သက် ၁ နှစ်ဝန်းကျင်ရှိကြသူတွေ ဖြစ်ပါတယ်။

“အဓိက ကျနော်တို့က လုံခြုံတဲ့နေရာ တစ်နေရာရာမှာ အလုပ်လုပ်ရရင်ရပြီ။ ထွက်ပြေးလာတုန်းကလည်း လွတ်ရင်ပြီးရောဆိုပြီးပြေးတာ။ သေလည်း မတတ်နိုင်တော့ဘူး။ ကျန်တဲ့လူတွေလည်း ပြေးချင်တဲ့လူတွေ ရှိကြတယ်။ ဒါပေမဲ့ သွားပြီးမညှိရဲဘူး။ သတင်းထွက်ရင် ကျနော်တို့ပါ ကြိုးတုတ်ခံရမှာ” လို့ နောက်ထပ် တပ်သားတစ်ဦးကလည်း ပြောပါတယ်။

တပ်သား ၄ ဦးဟာ သူတို့ စစ်ဝတ်စုံနဲ့ လက်နက်တွေကို စခန်းချထားတဲ့ တဲထဲမှာဘဲ ချန်ထားခဲ့တယ်လို့ ဆိုပါတယ်။

နမ့်ခေးရွာရှိ စစ်ကောင်စီ တပ်စခန်းမှာ စစ်ကောင်စီတပ်သား ၃ ဦးတစ်ကြိမ် ၂ ဦးတစ်ကြိမ်အပါအဝင် လက်ရှိ ၄ ဦး စုစုပေါင်း ၉ ဦးအထိ ထွက်ပြေးခဲ့ကြပြီး လက်ရှိ အဲဒီစခန်းမှာ (၁၃)ဦးပဲ ရှိတော့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထွက်ပြေးလာတဲ့ အဲဒီတပ်သား ၄ ဦးစလုံးဟာ လုံခြုံတဲ့ နေရာတွေမှာ ရှိနေကြပါတယ်။

(ရွှေဖီမြေသတင်းအေဂျင်စီ၏ ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article