30 C
Yangon

ကလေးမြို့တွင် ဗုံး ၄ ကြိမ်ကွဲပြီး မြို့တွင်း တိုက်ပွဲပြင်းထန်နေ၊ ယမန်နေ့တွင်လည်း ဗုံး ၂ ကြိမ် ကွဲ

Must read

ရန်ကုန်၊ ဧပြီ ၁၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယနေ့ ဧပြီလ ၁၀ ရက် ညတွင် ဗုံးပေါက်ကွဲသံများ ၄ ကြိမ်ခန့် ထွက်ပေါ်လာပြီးနောက် လက်နက်ငယ် ပစ်ခတ်သံများ တရစပ်ကြားရပြီး မြို့တွင်းတိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ည ၆ နာရီ ၄၀ လောက်ကပေါ့ ဗုံး ၁ လုံး စ ကွဲတယ်၊ ကွဲတာကတော့ ပင်လုံ လမ်းမတော် ဆိုတဲ့နေရာမှာပေါ့၊ မီးခိုးလုံးတွေ တက်လာတာတွေ့တယ်၊ နေရာအတိအကျတော့ မသိရသေးဘူး။ အခု မြို့ပေါ် နေရာအနှံ့ပဲ တော်တော်လေးကို ပြင်းထန်တယ်၊ ပစ်ခတ်နေကြတယ်၊ အခုကို ဗုံးကွဲတာ ၄ လုံးလောက်ရှိပြီ၊ အခုလက်ရှိ ၇ နာရီ ၁၀ မိနစ်အထိ ပစ်နေတုန်းပဲ၊ ပစ်သံတော့ နည်းသွားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယနေ့ ကလေးမြို့ပေါ်တွင်ဖြစ်ပွားသော မြို့တွင်းတိုက်ပွဲအတွင်း ပြည်သူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရထားသည်ဟု သတင်းများထွက်ပေါ်နေပြီး ထိခိုက်သေဆုံးစာရင်းကို ကနဦး အတည်မပြုနိုင်သေးပေ။

ယမန်နေ့ ဧပြီလ ၉ ရက်တွင်လည်း ကလေးမြို့ ကမ္ဘောဇဘဏ် ၂ အနီးဝန်းကျင်နှင့် သစ္စာဦး မိတ္တူဆိုင် အနီးဝန်းကျင်တွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ပြီး မိတ္တူဆိုင်နှင့် နေအိမ်အချို့ အရှေ့မျက်နှာစာများ ထိမှန်ပျက်စီးခဲ့သလို ကလေးမြို့အနောက်ဘက်ရပ်ကွက်များတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

ဧပြီလ ၇ ရက်တွင်လည်း ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မိုင်းခွဲခံရပြီး စစ်သားများက ပြန်လည် ရမ်းသန်းပစ်ခတ်မှုကြောင့် သုံးဘီးဆိုက်တွဲမောင်းသူ အသက် ၆၂ နှစ်ရှိ ဦးဉာဏ်ထွန်း သေဆုံးခဲ့သည်။

ကလေးမြို့အနီးဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေသဖြင့် အများပြည်သူများအနေဖြင့် ကလေး-ဂန့်ဂေါလမ်းပိုင်းကို အသုံးမပြုကြရန် PDF-Kalay က ယမန်နေ့က အသိပေးထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article