ရန်ကုန်၊ ဧပြီ ၁၀
ရန်ကုန်ုတိုင်း၊ လမ်းမတော်မြို့နယ်၏ စစ်အုပ်ချုပ်ရေးတာဝန်ခံ ရုရှားပြန် ဗိုလ်မှူးကုဋေဖြိုးအောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ဧပြီလ ၁၀ ရက်နေ့ ၊ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ဝန်းကျင် လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၏ ဝင်ပေါက် မော်တင်ဆိပ်ကမ်းတွင်ရှိနေသော လမ်းမတော်မြို့နယ် စစ်ဘက် အုပ်ချုပ်ရေးတာဝန်ခံ ဗိုလ်မှူးကုဋေဖြိုးအောင်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့တင်များမှ အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကုဋေဖြိုးအောင်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ပစ်ခတ်မှုပြုလုပ်ခဲ့သော မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များမှာလဲ ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဆုတ်ခွာရာလမ်းကြောင်းတွင် ပိတ်ဆို့နေသော ပြည်သူ ၄၊ ၅ ဦးခန့်ကို မစ်ရှင်ဆောင်ရွက်သူ မြို့ပြပြောက်ကျားလူငယ်များက မတတ်သာ၍ သေနတ်ပြကာ အနည်းငယ်အော်ဟစ်ပြီး လမ်းရှင်းခိုင်းခဲ့ရသဖြင့် ပြည်သူများကို အနူးအညွတ်တောင်းပန်သည်ဟု မစ်ရှင်ဖော်ဆောင်သူ မြို့ပြပြောက်ကျားရဲဘော်များမှ ပြောကြားခဲ့ပြီး ပြည်သူများအနေဖြင့် နောင်တွင် ထိုသို့သော ဖြစ်စဉ်များကြုံကြိုက်ပါက နားလည်ပေးနိုင်ပါရန်လည်း မေတ္တာရပ်ခံထားကြောင်း သိရှိရသည်။
ဗိုလ်မှူးကုဋေဖြိုးအောင်မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှခန့်အပ်ထားသော လမ်းမတော်မြို့နယ် စစ်ဘက်အုပ်ချုပ်ရေးတာဝန်ခံဖြစ်ပြီး မြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ဖိနှိပ်ရာတွင် ဦးဆောင်ခဲ့သူဖြစ်သည်။ လမ်းမတော်မြို့နယ် အုပ်ချုပ်ရေးမှူး အထက်တွင်ရှိသော အကြီးအကဲဖြစ်ပြီး မြို့နယ်အတွင်းမှ လူငယ်များစွာ ပစ်ခတ်၊ ဖမ်းဆီး၊ နှိပ်စက်၊ အရေးယူခံရခြင်းအတွက် အဓိကတရားခံတစ်ဦးဖြစ်သည်။
ဗိုလ်မှူးကုဋေဖြိုးအောင်သည် စစ်တက္ကသိုလ် DSA အပတ်စဉ် ၄၈ ဆင်း ရုရှားပြန် အရာရှိတစ်ဦးဖြစ်ပြီး ယခင်က တပ်ထိန်း မှုခင်းဖော်ထုတ်ရေးတပ် (လှိုင်) နှင့် တပ်ထိန်းချုပ်ရုံး (နေပြည်တော်) တို့တွင်တာဝန်ကျခဲ့သူဖြစ်သည်။
၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရန်ကုန်တိုင်းလွှတ်တော်တွင် တပ်ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

