ရန်ကုန်၊ ဧပြီ ၁၀
ရန်ကုန်တွင် ဗိုလ်မှူး ၁ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု များပြားသော ယနေ့ နန်းထိုက်အောင် စစ်ဆင်ရေးကြောင့် စစ်ကောင်စီက လုံခြုံရေးအစီအမံများကို ပြန်လည် တိုးမြှင့်လိုက်ပြီး စစ်ဆေးမှုများ ပိုမို တင်းကျပ်စွာ လုပ်ဆောင်ရန် ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။
“ရန်ကုန် လုံခြုံရေးအစီအမံတွေ တဖြည်းဖြည်းဖြေလျှော့မှုတွေ လုပ်နေတာရှိတယ်။ ဒါပေမယ့် အခု ဒီနေ့ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးအစီအမံကို အရင်လို ပြန်တိုးမြှင့်ဖို့ အမိန့်တွေထွက်လာတယ်။ ဧည့်စာရင်းတွေနဲ့ ပြန်တိုးစစ်ဖို့၊ ဧည့်စာရင်းတွေ ရပ်ကွက်တိုင်း မြို့နယ်တိုင်း ပြန်တိုးစစ်မယ်။ ကားတွေ စစ်မယ်။ ကင်းလှည့်တွေ ထပ်တိုးလုပ်ဖို့ ညွှန်ကြားမှုတွေရပါတယ်။ ဒီနေ့ညကိုပဲ အဲဒါတွေ လုပ်မယ်။ မသင်္ကာရင် ပစ်ခတ်ရှင်းလင်းဖို့လည်း ပါလာတယ်” ဟု ရန်ကုန်တိုင်းရဲသတင်းရင်းမြစ်က ပြောသည်။
သင်္ကြန်ကာလအတွက် ချမှတ်ထားသော လုံခြုံရေးအစီအမံများကို ပြန်လည် ပြောင်းလဲရန်ရှိပြီး တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်သဖြင့် ၂၄ နာရီ အရေး ပေါ် လုံခြုံရေး အသင့်ပြင်ဆင်ထားကြရန် ညွှန်ကြားမှုများ ရှိနေသည်ဟု သိရှိရသည်။
ယနေ့ နန်းထိုက်အောင် စစ်ဆင်ဖြင့် လမ်းမတော်မှ မြို့နယ် အုပ်ချုပ်ရေး ဗိုလ် မှူးတစ်ဦး၊ အင်းလျားလမ်းမှ လုံခြုံရေးဂိတ်အစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်ထား သည်။
လက်ရှိ ယနေ့ညပိုင်း အင်းစိန်နှင့်ရွှေပြည်သာတို့တွင် သေနတ်ပစ်ခတ်သံကြားကြားရပြီး အသေးစိတ်ကိုမူ မသိရှိရသေးပေ။
ဓာတ်ပုံ- အင်းလျားလမ်းတွင် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ရဲတစ်ဦး။