ရန်ကုန်၊ ဧပြီ ၁၁
ရန်ကုန်မြို့တွင် ယနေ့ အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်ရဲများက ရန်ကုန်တစ်မြို့လုံးကို ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိပြီး လမ်းများပိတ်ဆို့ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း သိရှိရသည်။
ရန်ကုန်မြို့ လှည်တန်းအနီး ရန်ကုန်-ပြည်လမ်းကို ယနေ့ညနေ ၃ နာရီဝန်းကျင်တွင် ခေတ္တပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့လမ်းကို ပိတ်ဆို့မှုများ စစ်အုပ်စုက လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ တစ်နေကုန် စစ်တပ်နဲ့ရဲက ရန်ကုန်ရဲ့ နေရာတိုင်းမှာ ပိတ်ဆို့စစ်တယ်။ ညနေ ၃ နာရီက လှည်းတန်းကုန်းတံတားနားမှာ ပိတ်ဆို့ပြီး စစ်တယ်။ ကားတွေ ဖြတ်ခွင့်မပေးဘဲ လမ်းလွှဲသွားခိုင်းတယ်။ တောင်ဥက္ကလာ၊ ကမာရွတ်၊ မြို့ထဲ၊ တာမွေ၊ ကြည့်မြင်တိုင် အစုံပဲဗျ။ ခွေးတွေ နေရာတိုင်းမှာ ချထားပြီး ပိတ်ဆို့ စစ်ဆေးနေတာ။ မနေ့က ပစ်ခတ်မှုတွေ ကြောင့် ကြောက်လန့်ပြီး စစ်တာထင်တယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ရန်ကုန်မြို့၏ အခြေအနေကို ရှင်းပြသည်။
စစ်တပ်က ပိတ်ဆို့ စစ်ဆေးမှုများ ရှိနေလင့်ကစား ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ကြားရပြီး အင်းစိန်တွင် ယနေ့ နံနက်ပိုင်းတွင်လည်းကောင်း၊ ဗဟန်းမြို့နယ်တွင် ယနေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊ ရန်ကင်းမြို့နယ်တွင် အင်းယားကန်နှင့် မြန်မာပလာဇာအနီးတွင် ယနေ့ ညနေ ၄ နာရီ ၂၆ မိနစ်အချိန်တွင် လည်းကောင်း ဗုံးပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း၊ စစ်တပ်က လာရောက်စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။
လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်များက နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေး စတင်ပြီဖြစ်ကြောင်း ကြေညာထားပြီး စစ်ရေးပစ်မှတ်များကို အဓိက ထား တိုက်ခိုက်မှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယနေ့ ညနေ ၃ နာရီ လမ်းပိတ်ဆို့လိုက်သည့် လှည်းတန်းတံတားအနီးမြင်ကွင်း။