ရန်ကုန်၊ ဧပြီ ၁၂
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာ၊ မြို့ဦးကျောင်းအနောက်ဘက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ကတုတ် စခန်းငယ် ၁ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၂ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းအချို့ ရရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စစ်ကောင်စီ ကတုတ်စခန်းကို ဝင်ရောက်ပစ်ခတ်ခြင်းသာ ဖြစ်ကြောင်း၊ ယခင်က သင်္ဃန်းညီနောင်ပြည်သူ့စစ်များ ထိုင်လေ့ရှိကြောင်း၊ ယခု စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချထားလျှင် လက်နက်များ သိမ်းယူနိုင်ခြင်းမှာ ဖြစ်နိုင်ကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။
“ကရင်အဖွဲ့တွေ က အဲ့ကုန်းတွေကနေ တပ်ဘက်ထဲကို RPG တို့ ၆၀ မမ တို့နဲ့ လာလာ ပစ်ထည့်တတ်လို့ အခုနောက်ပိုင်း အဲ့ဘက် အခြမ်းမှာပါ စစ်ကတုတ် ရှေ့ကာကင်းကုန်းတွေ လုပ်ထားတာမျိုးပေါ့”ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ယင်းနောက် စစ်ကောင်စီ၏ သင်္ဃန်းညီနောင်ဗျူဟာ မှ လက်နက်ကြီးပစ်ကူများ အကြိမ် ၂၀ ထက်မနည်းပစ်ခတ်ခဲ့ကြောင်းနှင့် KNLA တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ငယ် ၄ လက်၊ RPG ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့သည်ဟု သိရှိရပြီး ရန်ကုန်ခေတ်သစ်က သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။
ဓါတ်ပုံ – KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ