29 C
Yangon

ကလေးမြို့တွင် စစ်တပ်က ဦးလင်းထက်စိုးကို ပစ်သတ်၊ ကလေး-ဂန့်ဂေါ လမ်းပိုင်းတွင်လည်း မှန်တောရွာမှ လူငယ် ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ပစ်သတ်

Must read

ရန်ကုန်၊ ဧပြီ ၁၂

စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်တွင် ဧပြီလ ၁ဝ ရက်နေ့ ည ၈နာရီခန့်အချိန် ဒေသခံ ပြည်သူ ဦးလင်းထက်စိုးကို စစ်တပ်က ပစ်သတ်ခဲ့ကာ အခြား ပြည်သူ ၂ဦး လည်း စစ်တပ်က ပစ်သော ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁ဝ ရက်နေ့ ညနေ ၅နာရီ ၃ဝမိနစ်ခန့်တွင် ကလေး မြို့ပေါ် ရပ်ကွက်၌ ဗုံး ၂လုံးပေါက်ကွဲခဲ့ပြီး ညနေ ၆နာရီ ၃ဝမိနစ်တွင် အင်အားပြင်း ဗုံးတစ်လုံး ထပ်မံ ပေါက်ကွဲပြီးနောက် အကြမ်းဖက် စစ်တပ်က ကလေးမြို့ပေါ်တွင် ဆက်တိုက် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ပစ်ခတ်မှုကြောင့် ဦးလင်းထက်စိုး ကျည်ထိမှန်သေဆုံးခဲ့ပြီး တခြား ပြည်သူ ၂ဦးလည်း ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ် ပစ်သတ်ခဲ့သော ဦးလင်းထက်စိုးသည် ကလေးမြို့ အောင်သစ္စာ ရပ်ကွက် ရွှေကျောင်းတော် ဘုန်းကြီးကျောင်းမှ ဘုန်ကြီး ဝေယာဝစ္စများ ပြုလုပ်ပေးကာ နေထိုင်သူဖြစ်ပြီး ဘုန်းကြီးကျောင်းမှ နေအိမ်သို့ ပြန်စဉ်၌ ပစ်သတ်ခံရခြင်းဖြစ်ကြောင်း၊ ဝမ်းဗိုက် ကျည်ထိမှန်ကာ ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဦးလင်းထက်စိုး၏ ဖခင်သည် ကလေးမြို့ ဒေသ ကွပ်ကဲမှု စစ်ဌာ နချုပ်(ဒကစ)မှ ပင်စင်ယူထားသူ စစ်မှုထမ်းဟောင်းဖြစ်ကာ ကိုလင်းထက်စိုး၏ ယောက်ဖ ဖြစ်သူမှာလည်း ကလေးမြို့ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) တွင် လက်ရှိချိန်ထိ တာဝန် ထမ်းဆောင်နေသူ စစ်သားတစ်ဦးဖြစ်ကြောင်း သိရသည်။

“ဒလန်မို့လို့ ရှင်းခံရတာတော့ မဟုတ်ဘူး။ ဒလန်ဘာညာ လုပ်တာတော့ မရှိဘူး။ သူက စစ်တပ်ထဲက ဆိုပေမယ့်လည်း အပြင်ကလူတွေနဲ့ တော်တော်လည်း ပေါင်းသင်းဖြစ်တယ်။ ဘောလုံးတွေလည်း ကန်တယ်။ ဒီဖက်က ရှင်းတာ လုပ်တာ မဟုတ်ဘူး။ တအားပစ်ခတ်နေတဲ့ အချိန်မှာ သူပြန်သွားတော့ စစ်တပ်က ပစ်တဲ့ကျည်က လာမှန်တာပေါ့။ သူပြန်သွားတဲ့ နေရာက စစ်တပ် တပ်စွဲထားတဲ့နေရာနဲ့က တော်တော်လေးနီးတယ်။ နောက်ပြီး စစ်တပ်က ကောင်တွေက တစ်နေရာ ပစ်ပြီဆိုတာနဲ့ တစ်မြို့လုံးက ကောင်တွေက ဝိုင်းပစ်တဲ့ဟာမျိုးရှိတယ်။ အဲလိုမျိုးဆိုတော့ အပြန်အလှန် ပစ်တာလည်း ရှိပေမယ့် မြို့ပေါ်မှာတော့ မဟုတ်ဘူး” ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

ယင်း စစ်တပ်က ရမ်းသမ်း ပစ်ခတ်ခဲ့သော ဖြစ်စဉ်တွင် အောင်ဇေယျ ရပ်ကွက်တွင် နေထိုင်သော ပြည်သူ ၁ ဦးနှင့် ကလေးမြို့ ဗိုလ်ချုပ်လမ်း ရိုးမဘဏ်အနီးရှိ သစ်သီးဆိုင်တွင် ဈေးသိမ်းနေသည့် အမျိုးသမီး ၁ဦးပါ ကျည်ထိမှန်ကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ လမ်းပိုင်း တွင် အကြမ်းဖက် စစ်တပ်က ဧပြီလ ၈ရက်နေ့ မှန်တော ကျေးရွာသား လူငယ်၃ ဦးဖြစ်သည့် ကိုထန်ဘိတ်၊ ဆလိုင်းနေဒိမ်ဆန်နှင့် ကိုလျန်ထီယို တို့ကို အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရှိရသည်။

အဆိုပါ လူငယ် ၃ဦးသည် စစ်ရှောင်စခန်းတွင် ဆန်မရှိသောကြောင့် ကျေးရွာ ထဲတွင် ဆန်သွားရောက် ယူဆောင်နေစဉ် စစ်တပ်က ဖမ်းဆီး သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဧပြီ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ၎င်းတို့ သတ်ဖြတ်ခဲ့သော လူငယ် ၃ဦး၏ ရုပ်အလောင်းများကို မိသားစုဝင်များထံ ဖုန်းဖြင့် အကြောင်းကြားကာ အလောင်းပြန်လာယူရန် ပြောဆိုခဲ့သော်လည်း မိသားစုဝင်များက အလောင်း သွားရောက် မယူဆောင်ရဲသောကြောင့် တောင်ခရမ်း ရွာသားများက ဧပြီ ၁၁ ရက်နေ့တွင် သွားရောက် သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

မှန်တော ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားလျှင် ဝင်ရောက် သောင်းကျန်း နေသောကြောင့် ဒေသခံပြည်သူများသည် စစ်ရှောင်စခန်းများ၌ တိမ်းရှောင် နေရခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article