ရန်ကုန်၊ ဧပြီ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ ဆက်သွယ်ထားသော အာရှလမ်းမ တောနော်ရေတံခွန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဂိတ်များချကာ ဖြတ်သန်းသွားလာသော ကားမှန်သမျှကို တားပြီး ကားပေါ်ပါလာသမျှ ဖုန်းများ၊ ငွေများကို လုယူနေကြောင်း သတင်းရရှိသည်။
ယနေ့ ဧပြီလ ၁၃ ရက်နံနက်၌ ကား ၃ စီးနှင့် ဆိုင်ကယ် ၁ စီး မီးလောင်ခဲ့ပြီး တောနော်ရေတံခွန်အနီးတွင် ကားမီးရှို့ခံလိုက်ရသည့် ဖြစ်စဉ်ကို အသေးစိတ် သိရှိသူတစ်ဦးက ပြောဆိုသည်။
“ကျနော့် သူငယ်ချင်းဆီက ဖုန်းနဲ့ ပါသမျှ ပိုက်ဆံ အကုန်ယူ၊ ကားသော့ကို သိမ်းသွားတယ်။ ကားက မီးရှို့ခံရတယ်၊ ခေါင်းပိုင်း မီးနည်းနည်းထိတယ်။ အဲ့ဒါ သော့ပြင်ဆရာပါ ခေါ်သွားပြီး ကားကို ပြန်ဆွဲလာရတယ်။ ခွေးတွေက သေနတ်ပြပြီး ဓါးပြတိုက်သလို လုပ်နေတာ၊ KNU က လုပ်တဲ့ပုံစံမျိုး အထင်မှားအောင် ခွေးတွေ လုပ်နေတာ၊ တောနော်နားမှာ ပစ်သံလည်း မကြားဘူး” ဟု မီးရှို့ခံရသော ကားဆရာ၏ အသိမိတ်ဆွေက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
၁၀ ဘီးကား ၁ စီးနှင့် အံစာတုံးကား ၁ စီး မီးလောင်တာကို မြင်တွေ့ခဲ့ရပြီး ကိုယ်တိုင် ဖုန်းနှင့် ငွေသား စုစုပေါင်း သိန်း ၂၀ ခန့်ကို စစ်သားများက သိမ်းယူသွားကြောင်း ခရီးသွား ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ အတည်ပြုသည်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေတွင် တိုက်ပွဲများပြင်းထန်နေပြီး ကော့ကရိတ်-မြဝတီအာရှလမ်းမ၊ မြဝတီ-ဝေါ်လေကားလမ်းများကို ပြည်သူများအနေဖြင့် အသုံးမပြုကြရန် KNU က အသိပေးစာထုတ်ထားသည်။
ယခု အာရှလမ်းပိုင်းတွင် ဖြတ်သန်းသွားလာသောကားများ မီးရှို့ခံရမှု များပြားလာနေပြီး ယင်းကိစ္စများကို KNU က လုပ်သည်ဟု အများသူငါ အထင်မှားအောင် စစ်သားများက လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ခရီးသွားများက ပြောဆိုကြသည်။
ရန်ကုန်ခေတ်သစ်၏ KNLA သတင်းရင်းမြစ်ကမူ အာရှလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်နေကြောင်း ပြောဆိုပြီး နေရာအတိအကျကို ပြောဆိုရန် ငြင်းဆန်သည်။
ဓါတ်ပုံ – မီးရှို့ခံရသော ၁၀ ဘီး ယာဉ် ၁ စီး