ရန်ကုန်၊ ဧပြီ ၁၃
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝက်ခေါင်းကျေးအနီးတွင် စစ်တပ်နှင့် AAတို့ နှစ်ဖက် ထိတွေ့တိုက်ပွဲများဖြစ်ပွါးနေကြောင်း ဒေသခံများက ပြောဆိုသည်။
ဧပြီလ ၁၃ ရက်နေ့ နေ့လယ်ပိုင်း မြေပုံမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသည့် မြေပုံ- မင်းပြားကားလမ်းမပေါ်ရှိ ဝက်ခေါင်းကျေးရွာအနီး-တောင်ဖက်အစပ် ဆေးခန်းတစ်ခုအနီးတွင် စစ်တပ်နှင့် AAတို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မြန်မာ စစ်တပ်ဖက်က မြေပုံမြို့နယ် ဝက်ခေါင်းကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်ကတည်းက အင်အား ၃၀ ခန့်က တပ်စွဲအထိုင်ချထားသည့်နေရာကို ယခု AA ဖက်က ဝင်ရောက်လာရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်းမြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက Western News ကိုပြောသည်။
အဆိုပါ နှစ်ဖက်ပစ်ခတ်မှုသည် ပစ်ခတ်မှုတာရှည်ဖြစ်ပွါးခြင်းမဟုတ်ဘဲ ပစ်ခတ်မှုနှင့် လက်နက်ကြီးအသံတစ်ချို့ ကြားရပြီး လက်ရှိအချိန်တွင် ပစ်ခတ်မှုများ ရပ်စဲသွားကြောင်း ဦးဖေသန်းက ဆက်လက်ပြောသည်။
ယင်းပစ်ခတ်မှုများကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကို မကြားရသေးကြောင်း တိုက်ပွဲဖြစ်ပွါးခဲ့သည့်နေရာများတွင် ဒေသခံများ အပြင်မထွက်ရဲဘဲ နှစ်ဖက် လက်နက်ကိုင်အဖွဲ့များက အဆိုပါနေရာများတွင် နေရာယူထားကြောင်း ဒေသခံများက ပြောဆိုသည်။
ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)



