ရန်ကုန်၊ ဧပြီ ၁၃
မန္တလေးတိုင်း ညောင်ဦးမြို့နယ်ရှိ ယာဉ်ထိန်းရုံးတွင် ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဒီညနေ ၅ နာရီခွဲလောက် စခန်းအနောက်ပေါက် ယာဉ်ထိန်းရုံးဘက်ပစ်သွားတာပါ။ လူထိခိုက်မှုတော့မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ညောင်ဦးမြို့နယ်တွင်လည်း စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်များ တည်ဆောက်ထားပြီး ရေပက်ခံမည့်သူမရှိ၍ ခရီးသွား ဘုရားဖူးကားများနှင့် အိမ်စီးကားများကို တားဆီးကာ ရေပက်ခံခိုင်းနေကြောင်း ညောင်ဦး ပြည်သူများက ပြောသည်။
“ညောင်ဦးမြို့ စည်ပင်ရုံးရှေ့မှာ ဗဟိုမဏ္ဌပ်ရှိတယ်။ စည်ပင်သန့်ရှင်းရေးဝန်းထမ်းတွေကို နေ့စားပေးပြီး ရေပက်ခိုင်းတယ်။မြို့ခံတွေက ရေပက်ခံမထွက်တော့ ပုဂံလာတဲ့ဘုရားဖူးကားတွေကို အဲ့ဒီနားရောက်ရင် စစ်သားတွေနဲ့ရဲတွေကဇွတ်တားပြီး ဗဟိုမဏ္ဌပ်ရှေ့ဖြတ်ခိုင်းတယ်။ ကားတွေ ရေပက်ခံနေတာကို တာဝန်ရှိသူတွေက ဓာတ်ပုံဝိုင်းရိုက်ကြတယ်။ အခုမြို့ခံတွေက လာတဲ့ဧည့်ကားတွေကို ရေပက်မခံချင်ရင် အဲ့ဒီလမ်းကမသွားဖို့ပြောနေရတယ်” ဟု ညောင်ဦးဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


