ရန်ကုန်၊ ဧပြီ ၁၃
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်တပ်က ဆောက်လုပ် ထားသော သင်္ကြန် မဏ္ဍပ် ၄ခုတွင် ဖျော်ဖြေရေး တီးဝိုင်းများ မရှိသောကြောင့် စစ်တပ်က ဖမ်းဝရမ်းထုတ်မည် ခြိမ်းခြောက်ကာ တီးဝိုင်း လိုက်ငှားနေကြောင်း သိရသည်။
ဧပြီလ(၇)ရက်နေ့ အကြမ်းဖက် စစ်တပ်က ရွှေဝယ် မြို့မ တီးဝိုင်းကို ငှားရမ်း ခဲ့သော်လည်း အဖွဲ့သားများက ငြင်းဆိုခဲ့ခြင်းကြောင့် သွားရောက် ဖျော်ဖြေရေး မလုပ်ဆောင်ခဲ့ကာ စစ်တပ်က ဖုန်းဆက်ပြီး လာရောက် မဖျော်ဖြေလျှင် ဖမ်းဝရမ်းထုတ်မည်ဟု ခြိမ်းခြောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” အရင်ဆုံး ဖုန်းဆက် လာပြီး ငွေကိုလိုသလောက်ပြော လာတီးပေးရင်ရပြီ လို့ပြောတော့ အဖွဲ့သားတွေကို မေးပေးမယ် ပြောခဲ့တယ်။ ထပ်ပြီး ဖုန်းဆက် လာတော့ ဒီနှစ် မတီး ဖြစ်တော့ဘူး။ ပြောတာကို စိတ်တိုပြီး လာမတီးရင် ဝရမ်းထုတ်ပစ်မယ်ပြီး ဖုန်းချသွားတယ်” အမည်မဖော်လိုသော တီးဝိုင်းတစ်ခုမှ အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။
ထားဝယ်မြို့ပေါ်ရှိ စစ်တပ် ဆောက်လုပ်ထားသော မဏ္ဍပ် ၄ခုရှိပြီး ဖျော်ဖြေ ပေးမည့် တီးဝိုင်းနှင့် အကဖွဲ့များ မရှိသောကြောင့် ရုံးဝန်ထမ်းများကို နေ့စာခ ပေးကာ သီချင်းများဖွင့်ပြီး ကခိုင်းနေရကြောင်း သိရသည်။