ရန်ကုန်၊ ဧပြီ ၁၆
ဧရာဝတီတိုင်း ဖျာပုံခရိုင် ကျိုက်လတ်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီ ရေကစားမဏ္ဍပ် အနီးရှိ ရဲစခန်းနားတွင် ယနေ့ ဧပြီလ ၁၆ ရက်နေ့ ၄နာရီ ၂၉ မိနစ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဧရာဗေဒါ တပ်ဖွဲ့နှင့် ကျိုက်လတ် ပကဖ အဖွဲ့တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ကျိုက်လတ်မြို့ ဗဟို ရေကစားမဏ္ဍပ်ကို ဖောက်ခွဲတိုက်ခိုက်ရန် ပြုလုပ်ထားသော်လည်း မဏ္ဍပ်အောက်တွင် မူးရူးကခုန်သူများ များပြားသောကြောင့် မဏ္ဍပ် အနီးအနားတွင်သာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” စစ်ကောင်စီ ဗဟို ရေကစား မဏ္ဍပ်ကို ဖောက်ခွဲဖို့ စီစဉ်ထားတာ ဒါပေမယ့် မူးရူးကခုန်နေတဲ့ အရပ်သားတွေ ရှိလို့ နေရာရွေ့လိုက်တာ မဏ္ဍပ်ရဲ့ အနီးအနားမှာရှိတဲ့ ရဲစခန်းနားမှာ ဖောက်ခွဲလိုက်တာ ထိခိုက် ဒဏ်ရာရတာတွေရှိတယ်။ စစ်ခွေး၊ ရဲခွေလား၊ ပျူစောထီးလားဆိုတာ မသိရသေးဘူး။ အရေအတွက်လည်း အတည်မပြုနိုင်သေးဘူး” ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရောက်ရှိလာကာ မဏ္ဍပ်ကို ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း လာရောက် မူးရူးကခုန်သူများ မရှိတော့ကြောင်း သိရသည်။
အလားတူ ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက်၊ ကမ်းနားလမ်း ရေပေါ်စျေးအနီးရှိ အကြမ်းဖက် စစ်ကောင်စီ ရေကစား မဏ္ဍပ်အနီး ယနေ့ ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အဆိုပါ ပေါက်ကွဲမှုသည် အသံဗုံး ပေါက်ကွဲခြင်းသာဖြစ်ပြီး ထိခိုက် ဒဏ်ရာရရှိသူမရှိဘဲ အကြမ်းဖက် စစ်ကောင်စီ ရေကစား မဏ္ဍပ်အနီးရှိ အမှိုက်ပုံးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။