25.7 C
Yangon

ရန်ကုန်တွင် သင်္ကြန်အတက်နေ့ ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပေါ်၊ နိုင်ငံတစ် ဝန်း စစ်ကောင်စီသတင်းပေး ဟုသတ်မှတ်ခံရသူ ၅ ဦးထက်မနည်း အသတ်ခံရ

Must read

ရန်ကုန်၊ ဧပြီ ၁၆

ရန်ကုန်တွင် သင်္ကြန်အတက်နေ့ ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပေါ်ပြီး နိုင်ငံတစ်ဝန်း စစ်ကောင်စီသတင်းပေး ဟုသတ်မှတ်ခံရသူ ၅ ဦးထက်မနည်း အသတ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

မြောက်ဥက္ကလာပတွင် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်
======================================

ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ၊ ရွှေပေါက္ကံ ၁၄ ရပ်ကွက်၊ ရာဇဓိရာဇ်လမ်းနှင့်စေတနာလမ်းထောင့်တွင် SCDF အဖွဲ့ SOCA အဖွဲ့ပေါင်းပြီး ထရန်စမော်ဖာ အနီးတွင် ဗုံးဖောက် ခွဲခဲ့ကြောင်း သိရှိရသည်

“ရန်ကုန်မြို့နေမိဘပြည်သူများအနေဖြင့် အသွားအလာဂရုစိုက်ရန်နှင့် စကစဘက်တော်သားများနှင့်အဝေးဆုံးနေရာကရှောင်သွားကြဖို့ အရေးပေါ် သေနတ်ထုတ် လမ်းတောင်းခဲ့ပါက လမ်းပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု တော်လှန် ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။

မြောက်ဥက္ကလာပဒေသခံတစ်ဦးကလည်း “ရွှေပေါက်ကံမြို့နယ်မှာ ဒီည ၁၀ နာရီခွဲလောက် သေနတ်သံ ၁၃ ချက်၊ ၁၄ ချက်လောက်ကြားနေရတာ၊ ဘယ်ကလဲတော့မသိဘူး” ဟု ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

မြောက်ဒဂုံတွင် ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်
========================================

ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်ဗိုလ်ဗထူးအိမ်ရာအနီးတွင် “ဖက်ဆစ်တို့ရဲ့သွေးနဲ့ သမိုင်းသစ်ရေးကြ”ဘန်နာအားချိတ်ဆွဲခဲ့ပြီးအဝေးထိန်းမိုင်းဖြင့် စစ်ကားကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန် စစ်ကားများ ထပ်မံ ရောက်ရှိလာ၍ ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Revolution Team-YRTထံမှ သိရှိရသည်။

တောင်ဒဂုံတွင် စစ်တပ်သတင်းဟုသတ်မှတ်ခံရသူ ငြိမ်းချမ်းအောင် ပစ်ခတ်ခံရပြီးသေဆုံး
===================================================================

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်က နာမည်ကြီး သတင်းပေးဒလန်ဟု သတ်မှတ်ခံရသူ ငြိမ်းချမ်းအောင်သည် ဧပြီလ ၁၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ် ဝန်းကျင်အချိန် အမည်မသိသေနတ်သမားများက သေနတ်ဖြင့် ၉ ချက်ပစ်ခတ်ခဲ့ပြီး သေဆုံးသွားကြောင်း သိရှိရသည်။

တောင်ဒဂုံမြို့နယ် ၇၁ ရပ်ကွက် အနော်ရထာလမ်းနှင့် ဇေယျာမြိုင်လမ်းထောင့်တွင် ဧပြီလ ၁၅ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန် ငြိမ်းချမ်းအောင်အပါအဝင် ၃ ဦးကို အမည်မသိသေနတ်ကိုင်ဆောင်ထားများက ပစ်ခတ်ခြင်းဖြစ်ပြီး ငြိမ်းချမ်းအောင် သေဆုံးသွားကြောင်း သိရှိရသည်။

“တောင်ဒဂုံ ၇၁ရပ်ကွက် မနေ့ည ၈နာရီ၃ဝလောက် ဒလန်အရှင်းခံရတယ်ဗျ။ သေနတ်နဲ့ ၉ ချက်လာပစ်သွားတာယ်။ သေမသေတော့မသိရဘူး။ ၈နာရီခွဲထိ ဘောက်နဲ့သီချင်းအကျယ်ကြီးဖွင့်နေကြတုန်း လာပစ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

သန်လျင်တွင် စစ်တပ်ထောက်ခံသူ ခင်ဇော်၊ တင်အောင် အသတ်ခံရ
===================================================

ရန်ကုန်တိုင်းသန်လျင်မြို့နယ်တွင် စစ်တပ်ထောက်ခံသူလည်းဖြစ်၊ ထွေအုပ်ဝန်ထမ်းတစ်ဦး၏ ဖခင်လည်းဖြစ်သူ ခင်ဇော်ကို ဧပြီလ ၁၅ ရက် နံနက် ၇ နာရီ ၃၅ မိနစ် အချိန်တွင် ကျည် ၅ တောင့် ဖြင့် သန်လျင်ပကဖက ပစ်ခတ်ရာ ခင်ဇော် သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ရဲမှုထမ်းဟောင်း ရာအိမ်မှုး တင်အောင်ကိုလည်း ဧပြီလ ၁၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် အချိန် အောင်ချမ်းသာ ဘောဂလမ်းတွင် ကျည် ၆ တောင့်ဖြင့် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

ကလေးမြို့ ရာဇဂြိုလ်ကျေးရွာမှ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ အဂ္ဂသန်းအောင် အသတ်ခံရ
===========================================================================

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ဘက် ရာဇဂြိုလ်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ အဂ္ဂသန်းအောင် ယနေ့ ဧပြီလ ၁၆ ရက် ညနေ ၅ နာရီခွဲခန့်တွင် ပစ်ခတ်ရှင်းလင်းခံရကြောင်း သတင်းရရှိသည်။

“ဖြစ်တဲ့နေရာက ကလေးမြို့၊ နတ်ချောင်းလမ်း၊ ချမ်းမြေ့ဆေးရုံ တောင်ဘက်နား လမ်းဘေးမှာပေါ့။ သူက ဆိုင်ကယ်နဲ့လာတာ၊ အဲဒါကို ကောင်လေး ၂ ယောက်က ဆိုင်ကယ်ချင်း ဝင်တိုက်တယ်၊ ဝင်တိုက်တော့ အဂ္ဂသန်းအောင်က ပြေးတာ လိုက်ပစ်တာ။ သေနတ် ထိတော့ လဲသွားတာ၊ အဲဒီမှာ ထပ်ပစ်တာ ၇ ချက်လောက်ရှိမယ်။ သွေးတွေကို ရဲနေတာ” ဟု မျက်မြင်ဒေသခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ပစ်ခတ်ရှင်းလင်းခံရပြီးနောက် အဂ္ဂသန်းအောင်သည် မြေပေါ်တွင် လူးလိမ့်နေပြီး လူနာတင်ကားပေါ်တွင် သေဆုံးသွားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် သေဆုံးကြောင်း သီးခြားအတည်မပြုနိုင်သေးပေ။

“ဒီလောက် ပစ်ခံရတာတောင် မသေဘူး ကြားနေတယ်၊ အသက်ပြင်းတယ် ခွေးက” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဘိုကလေး၊ စက်ဆန်းကျေးရွာမှ စစ်တပ်သတင်းပေးဟု နာမည်ကြီးသည့် ခေါကြီး အသတ်ခံရ
======================================================================

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ စက်ဆန်းကျေးရွာနေ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးသည့် ခေါကြီး ဆိုသူအား အမည်မသိသူတစ်ဦးမှ ယမန်နေ့ ဧပြီလ (၁၅) ရက်နေ့ ညနေပိုင်းတွင် ဓားဖြင့် လည်ပင်းကို ခုတ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

စက်ဆန်းကျေးရွာ ၃ နယ်မြေမှ ဒလန် ခေါကြီးကို ရေကစားပြီးအပြန်မှာ လူတစ်ဦးက လည်ပင်းကို ခုတ်သတ်သွားရာ လည်ပင်းပြတ် သေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကလေးမြို့မြောက်ဘက် ရာဇဂြိုလ်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ အဂ္ဂသန်းအောင် အသတ်ခံထားရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article