ရန်ကုန်၊ ဧပြီ ၁၈
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အတွင်းရှိ ကုန်းစည်းရွာနှင့် ဝေလမူရွာ ကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၅ ရက်နှင့် ၁၆ ရက်နေ့တို့တွင် ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၃၂လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ ၂ရွာကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ခမရ ၃၆၃ နှင့် ခမရ ၃၆၇ တပ်တို့က မီးရှို့ ဖျက်ဆီး ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၆ရက်နေ့တွင် ကုန်းစည်းရွာ မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇လုံး မီးလောင်ပြာကျကာ ဧပြီလ ၁၅ ရက်နေ့ ညနေ ၅နာရီ ၃ဝမိနစ်ခန့်တွင် ဝေလမူရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၅ လုံးမီးလောင် ပြာကျခဲ့ကြောင်း သိရသည်။
” ကုန်းစည်းရွာအကို ဧပြီလ ၁၂ရက်နေ့ စစ်ခွေးတွေ ဝင်ရောက်လာပြီးတော့ ၁၆ရက်နေ့မှာ ပြည်သူပိုင် နေအိမ် ၇လုံးကို မီးရှို့ ဖျက်ဆီးလိုက်တယ်။ ပြီးတော့ ရွာထဲမှာ ၆ရက် နေထိုင်သွားတယ်။ သူတို့ ရွာထဲမှာ တပ်စွဲ နေထိုင်နေတုန်း ဧပြီလ ၁၅ ရက်နေ့မှာ ဝေလမူရွာကို မီးထပ်ရှို့တယ်။ ပြည်သူပိုင် နေအိမ် ၂၅လုံးကို မီးရှို့ ဖျက်ဆီးသွားတယ်။ သူတို့ ရွာထဲမှာ တပ်စွဲနေထိုင်စဉ်က ပြည်သူတွေ မွေးမြူထားတဲ့ ကြက်၊ဝက်တွေကို သတ်ဖြတ် စားသောက် သွားတယ်။ ပြည်သူပိုင် ပစ္စည်းတွေကိုလည်း ဖောက်ထွင်း ခိုးယူတာ တွေရှိတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က ကုန်းစည်းကျေးရွာကို ဝင်ရောက် စီးနင်းစဉ်တွင် PDF တပ်ဖွဲ့ဝင် ၂ဦး ဖမ်းဆီးခံရပြီး လက်ရှိချိန်ထိ မည်သည့် နေရာတွင် ဖမ်းဆီး ထားသည့် မသိရှိရသေးဘဲ အသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
စစ်တပ်သည် ခပေါင်းရုံ ကျေးရွာသို့ ဝင်ရောက် စီးနင်းနေကာ ကျေးရွာ ၃ရွာက ထောင်နဲ့ ချီသော ပြည်သူများသည် တောတောင် များအတွင်း ထွက်ပြေးတိမ်း ရှောင်နေရပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာများ အတွင်း ထပ်မံ ဝင်ရောက် လာမည်ကို စိုးရိမ်း သောကြောင့် နေရပ် မပြန်နိုင်သေးဘဲ ဖျားနာနေသော စစ်ဘေးရှောင် ပြည်သူများ ရှိနေသည့်အတွက် ကျန်းမာရေး စောက်ရှောင့်မှု အကူ အညီများ လိုအပ် လျက်ရှိကြောင်း သိရသည်။
Photo- အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကုန်းစည်းရွာနှင့် ဝေလမူရွာရှိ ပြည်သူပိုင် နေအိမ်များ



