ရန်ကုန်၊ ဧပြီ ၂၀
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ဧပြီလ ၇ ရက်နေ့တွင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ကိုကံကောင်းအောင်(ခ) အောင်ကိုကို ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် နောက်ဆက်တွဲ ဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်း သိရှိရသည်။
ကိုကံကောင်းအောင်၏ ဖုန်းအတွင်း နိုင်ငံရေး ပတ်သက်မှုများ တွေ့ရှိရသည်ဆိုကာ စစ်ကြောရေးသို့ ဖမ်းဆီးသွားပြီး ၎င်းနှင့် ဆက်စပ်သည့် ပြည်သူ ငါးဦးကိုလည်း လိုက်လံ ဖမ်းဆီးနေကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
“သူနဲ့ပတ်သက်တဲ့လူ ငါးယောက်ကို နေအိမ်မှာ စစ်တပ်က ဝင်ဖမ်းခဲ့ပြီး နေအိမ်တချို့ကိုလည်း ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့သေးတယ်”ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
စစ်ကောင်စီသည် ဧပြီလ ၁၃ ရက်၊ ည ၉ နာရီခန့်က ကိုဟိန်းဝင်းလတ် ကို နေအိမ်တွင် လာရောက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း ၎င်းကဆက်ပြောပြသည်။
ထို့ပြင် ဧပြီလ ၁၇ က်နေ့ ညပိုင်း သည်းဦးပန်းတည်းခိုခန်း မန်နေဂျာ ကိုအောင်ကျော်စော နှင့်အတူ လူ ၃ ဦးကို အကြမ်းဖက်စစ်ကောင်စီက ထပ်မံဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း၊ လက်ရှိတွင် ဆက်စပ်ရှိသူ ၆ ဦးခန့် ဖမ်းဆီးခံထားရပြီး
တပ်နယ်စစ်ကြောရေး၊ ဝဲကျွန်းခရိုင်စစ်ကြောရေးနှင့်မြို့မရဲစခန်းတို့တွင် စစ်ဆေးခံနေရဆဲဖြစ်ကြောင်းထားဝယ်မြို့ခံတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ရန်ကုန်မြို့ သာကေတမြို့နယ်တွင်လည်း ဧပြီ ၁၂ ရက်နေ့ မနက် ၂ နာရီဝန်းကျင်တွင် ကန်ညီနောင်ဘုန်းကြီးကျောင်းတွင် သင်္ကြန်တွင်း ဒုလ္လဘ ဝတ်နေသည့် အသက် ၂၁ နှစ်အရွယ် ကိုလင်းထက်ကိုကို ကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ကိုလင်းထက်ကိုကို၏ သူငယ်ချင်းများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“သူက အရင်က ဆန္ဒပြတာ တချို့တလေက လွဲရင် ဘာမှလုပ်တဲ့ လူမျိုးမဟုတ်ဘူးဗျ။ ဘယ်ကဒလန်သတင်းပေးလိုက်လည်း မသိဘူး။ ချောက်ချခံရတာမျိုးထင်တယ်။အခု သူ့မိသားစုကလည်း စိတ်အရမ်းပူနေကြတယ် ဘယ်ကိုလိုက်လို့လိုက်ရမှန်းမသိနဲ့ စိတ်ပူနေကြရလို့ဗျ” ကိုလင်းထက်ကိုကို၏ သူငယ်ချင်း တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီဝင်များက အရပ်ဝတ်များဖြင့် ဘုန်းကြီးကျောင်းဝင်းအတွင်း ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးချိန်တွင် ဗိုလ်ကြီး ထက်ဝေယံဟု ပြောကြားကြောင်း၊ သင်္ကန်းကို ချွတ်ကာ အတင်း လူဝတ်လဲကာ ဖမ်းဆီးခေါ်ဆောင်သွားဖြစ်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်ထိ ကိုလင်းထက်ကိုကိုကို မည်သည့်နေရာတွင် မည်သည့်အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ကို မသိရှိရပေ။