30 C
Yangon

Updated Version – ကမာရွတ်ရဲစခန်းအနီး ဗုံး ၆ လုံး ကွဲ၊ ရဲများ ရမ်းသန်းပစ်လို့ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၂ ဦး သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၁

ရန်ကုန်၊ ကမာရွတ်ရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်းဆုံရှိ ကမာရွတ်မြို့နယ်ရဲစခန်းတွင် ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၅ နာရီကျော်တွင် ၄ ကြိမ်၊ ၆ နာရီနှင့် ၇ နာရီကြားတွင် ၂ ကြိမ်၊ စုစုပေါင်း ဗုံး ၆ ပေါက်ကွဲကြောင်း၊ ရဲစခန်းရှိ ရဲများ ရမ်းသန်းပစ်ခတ်၍ အနီးဝန်းကျင်ရှိ အပြစ်မဲ့ပြည်သူ အနည်းဆုံး ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“မနက် ၅ နာရီကျော်ကျော်လောက်မှာ ၁ လုံးကွဲတယ်၊ နောက်ထပ် ၄ မိနစ်လောက်မှာ ၃ လုံးလောက် ထပ်ကွဲတယ်။ အသံတွေက တော်တော်ကျယ်တယ်၊ အဲဒီမှာ ရဲစခန်းထဲက သေနတ်သံတွေ ထွက်လာတယ်၊ ရဲတွေ ရမ်းပစ်တာ။ မီးပွိုင့်နားမှာ လင်မယားနှစ်ယောက် ရှိနေတာ၊ ယောကျာ်းကို ထိတာ ခေါင်းပွင့်သွားတယ်၊ မိန်းမက သွေးရူးသွေးတန်းနဲ့ ထွက်ပြေးလာတာ၊ ကိုယ်မှာလည်း သွေးတွေချည်းပဲ” ဟု ရပ်ကွက်နေပြည်သူ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အဆိုပါ လင်မယားသည် ပြည်ရိပ်မွန်အိမ်ရာအနီးတွင် ဟင်းသီးဟင်းရွက်ရောင်းချသူများသာဖြစ်ကြောင်း ခေါင်းပွင့်သေဆုံးသွားသော အမျိုးသားအလောင်းကို နံနက် ၆ နာရီကျော်တွင် လူနာတင်ကားဖြင့် လာရောက်ကောက်ယူသွားကြောင်း သိရှိရပြီး နံနက် ၇ နာရီထိုးနာခါနီးနှင့် ၇ နာရီခွဲတွင် ကမာရွတ်ရဲစခန်းအနီး၌ နောက်ထပ် ဗုံး ၂ လုံး ထပ်ကွဲခဲ့ကြောင်းလည်း သိရှိရသည်။

“မီးပွိုင့် တက္ကစီပေါ်မှာလည်း မိန်းမရှာ ကောင်လေး ၁ ယောက်သေတယ်၊ ရဲစခန်းထဲက ပစ်တာ” ဟု မျက်မြင်တွေ့ရှိသူ အခြား ဒေသခံတစ်ဦးက ပြောဆိုသည်။

ရဲများ ရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်ရိမ်မွန်အိမ်ရာရှိ အမျိုးသား ၁ ဦး၊ ဘုရင့်နောင်လမ်းဆုံရှိ တက္ကစီ ၁ စီးပေါ်မှ အမျိုးသား ၁ ဦး အပါအဝင် စုစုပေါင်း ပြည်သူ ၄ ဦး သေဆုံးကြောင်း ဒေသခံများက ပြောဆိုပြီး ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။

“ဗုံးသံတွေက တော်တော်ကို ပီပီသသပဲ၊ မနက် ၅ နာရီကျော်မှာ ကွဲတဲ့ အသံတွေက တော်တော်ကို သပ်သပ်ရပ်ရပ်ပဲ၊ စခန်းထဲမှာ ကွဲတာလား၊ ရဲစခန်းနံရံနားမှာ ကွဲတာလားတော့ မသိရသေးဘူး၊ စခန်းက လမ်းဘေးကပ်လျက်ဆိုတော့ အပြင်က ပစ်ထည့်သွားတာလို့ ဂရန်းဟာသာဆေးရုံနားက တက္ကစီဆရာတွေကတော့ ပြောတယ်” ဟု အခြားဒေသခံတစ်ဦးက ဆက်ပြောသည်။

ဗုံးကွဲမှုများကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှု ရှိ၊ မရှိ ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းတင်ပြသွားမည်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article