25 C
Yangon

ရန်ကုန်၊ စစ်ကိုင်း၊ မကွေးနှင့် ဧရာဝတီတိုင်းတို့တွင် အုပ်ချုပ်ရေးမှူး၊ ပျူစောထီး မိသားစုနှင့် စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူများ ပစ်ခတ်ခံရကာ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၂၁

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် တကောကန်ကျေးရွာ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ စစ်ထောက်လှမ်းရေးဟောင်း သန့်ဇင်(ခ)မောင်ဇင်ဆိုသူကို သပြုကန်ကျေးရွာတွင် ယနေ့နံနက် ၆ နာရီခန့်က အမည်မသိအဖွဲ့တစ်ခုက သေနတ် ၉ ချက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ဒေသသတင်းရင်းမြစ် Khayan Channelက ပြောသည်။

“ဒီနေ့မနက် ဒလန်သန့်ဇင်က ခရမ်းကနေ ပင်စင်ထုတ်ပြီးဆိုင်ကယ်နဲ့ တကောကန်ကို အပြန်လမ်းခုလတ် သပြုကန်ကျေးရွာမှာ အပစ်ခံရတာပါ။ သူက ဦးခင်ညွန့်ထောက်လှမ်းရေးတပ်က ပင်စင်စားတစ်ဦးပါ၊ ဥာဏ်ရည်မမှီတဲ့ သားတစ်ဦးအပါအဝင် သားနှစ်ယောက်ရှိပြီး ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ တပ်သတင်းပေး ဒလန်စစ်စစ်ပါ။ ရင်ဘတ် နှစ်ချက်ထိမှန်ပြီး ဦးခေါင်းပွင့်ထွက်သွားပါတယ်၊ ဖြစ်တဲ့နေရာမှာ ကျည်ခွံအများအပြားလည်း ကျန်ခဲ့တယ်လို့ သိရပြီး အလောင်းကို စစ်တပ်ယူဆောင်သွားတယ်လို့ သိရပါတယ်´ ဟု ပြည်သူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ညောင်ပင်သာရွာတွင် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဝင်းအောင်ကို ဧပြီလ ၂ဝရက်နေ့ နံနက်ပိုင်းတွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သဆုံးခဲ့ကြောင်း နယ်မြေခံ သတင်း ရင်းမြစ်များထံမှ သိရသည်။

ထို စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဝင်းအောင် သေဆုံးပြီးနောက် ညောင်ပင်သာရွာကို မွန်းလွဲပိုင်းတွင် အရပ်ဝတ်နှင့် အင်အား ၁၅ ဦးခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ရောက်ရှိလာပြီး ကျေးရွာအတွင်းရှိ လူငယ်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ခြေတော်ရာ တပ်အတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့များ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမကျေးရွာအုပ်စု၊ သရက်ကန်ကျေးရွာတွင် လက်နက်ကိုင် ပျူစောထီး စိုးစိုး နေအိမ်ကို ဧပြီလ ၁၉ ရက်နေ့ ည ၁၁နာရီခန့်တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး စိုးစိုး၏ မိန်းမနှင့် သမီးဖြစ်သူ ၂ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အမည်မသိ သေနတ်သမားများက စိုးစိုးကို ဝင်ရောက် ပစ်ခတ်ခဲ့သော်လည်း လွတ်မြောက်သွားပြီး ဇနီးဖြစ်သူ ဌေးပိုက်၊ သမီးဖြစ်သူ အိဇင်ဖြိုးနှင့် အိဇင်ဝင်းတို့သာ သေဆုံးခဲ့ကာ စိုးစိုး၏ သမီးဖြစ်သူ အိဇင်ဝင်းမှာလည်း Non-CDM ပညာရေး ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိသားစုဝင်များအားလုံး အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက် ဆက်နွယ်သူများ ဖြစ်ကြောင်း ဒေသခံ ပြည်သူများ ထံမှ သိရသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငါးပြေမကျေးရွာ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်ထွန်းကို ဧပြီလ ၁၉ ရက်နေ့ ည ၉နာရီခန့်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇော်ထွန်းသည် ပျူစောထီးများနှင့် ပူးပေါင်းကာ ကျေးရွာအား ဒုက္ခအမျိုးမျိုးပေးခြင်း၊ ပြည်သူ လူထုအား ခြိမ်းခြောက်ငွေညှစ်ကာ စစ်ကောင်စီအား ငွေရှာပေးခြင်း၊ တော်လှန်ရေးအား ပုံဖျက် အနှောက်အယှက်ပေးကာ လောင်းကစား ဝိုင်းများစွာဖြင့် ပြုလုပ်ပေးနေသူဖြစ်သောကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ယင်း အုပ်ချုပ်ရေးမှူးကို Pathrin Westem Defence Force (P.W.D.F)၊ Beach Defence Force (BDF)၊ SinYine Guerilla Force(SGD)၊ West Coast Defence Force (WCDF) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်မောင်းနှင့် ဗိုက်များတွင် သေနတ်ကျည် ၈ချက်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ် တောင်ကြားရွာတွင်လည်း ပျူစောထီး ခေါင်းဆောင် ဌေးဝင်းကို PHOENIX (SGG) ပျောက်ကြားတပ်ဖွဲ့မှ ဧပြီလ ၁၈ရက်နေ့တွင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း SGG တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးသူ ဌေးဝင်းသည် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို သတင်းပေး တိုင်ကြားနေသူဖြစ်ပြီး ပျူစောထီး အဖွဲ့ဝင်များ အင်အား စုဆောင်းနေခြင်းကြောင့် ရှင်းလင်းခြင်းဖြစ်ကြောင်း PHOENIX (SGG) ပျောက်ကြားတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကောင်စီသတင်းပေးဟု သတ်မှတ်ခံရသူ စ်ထောက်လှမ်းရေးဟောင်း သန့်ဇင်(ခ)မောင်ဇင် အသတ်ခံရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article