25 C
Yangon

စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်အားလုံးတွင် ပြိုလဲနေ၍ မင်းအောင်လှိုင် ကိုယ်တိုင် ပွဲထွက်လာရ၊ PDF ကို ချန်လှပ်၍ စည်းလုံးမှု ပျက်ပြားစေရန် မင်းအောင်လှိုင် သွေးခွဲနေဟု KNU ပြော

Must read

ရန်ကုန်၊ ဧပြီ ၂၂

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်သည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်အားလုံးတွင် ကျဆုံးနေ၍ တိုင်းရင်းသား တပ်ဖွဲ့များနှင့် ဆွေးနွေးရန် ကိုယ်တိုင် ကမ်းလှမ်းလာသော်လည်း စေတနာမှန်ကန်ခြင်းမရှိဘဲ PDF ကိုချန်ရစ်ပြီး စည်းလုံးမှု ပျက် ပြားစေရန် သွေးခွဲနေကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောဆိုသည်။

ယနေ့ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံလိုကြောင်း ရုတ်တရက် ဖိတ်ခေါ်မှု အပေါ် KNU ၏ သဘောထားကို ရန်ကုန်ခေတ်သစ်က မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ယိုယွင်းလာတဲ့ အခြေအနေအရပ်ရပ် ဥပမာ နိုင်ငံရေးမှာရော စီးပွားရေးပိတ်ဆို့မှုဒဏ်ကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာက အခုနောက်ဆုံးဆို အဲဒီ ဒေါ်လာနဲ့ လောင်စာဆီပြဿနာက အကြီးဆုံး အရင့်ဆုံးအဆင့်ကို ရောက်သွားပြီဖြစ်တယ်။ နောက်ပြီးတော့ နိုင်ငံတကာ သံခင်း တမန်ခင်းကိစ္စတွေမှာလည်း ဘယ်လိုမှ အလားအလာကောင်းနိုင်စရာ အကြောင်းမရှိဘူး။ သူရဲ့ လုပ်ပုံက အများကြီး မူတည်မှာလေ၊ ဥပမာ သတ်တာ ဖြတ်တာတွေက။ ဒီလိုဟာတွေက ဘယ်လိုမှကို တိုးလို့မရတော့ဘူး။ ဆိုလိုတာက တဖက်ကနေ ပြန်ကြည့်လိုက်တဲ့အခါမှာလည်း စစ်ရေးအရ‌ ဖြေရှင်းတဲ့အခါမှာလည်း အကုန်မီးရှို့ အကုန်သတ် ဆိုပြီး လုပ်လာတဲ့ဟာတွေက နောက်ဆုံး ပြောရမယ်ဆိုရင် မြန်မာစစ်တပ်ထဲမှာ တကယ်တမ်း တပ်သားသစ် စုဆောင်းရေးမှာ အခရာကျနေတဲ့ အညာလိုဒေသမှာ အကုန်ရှို့ အကုန်သတ်လုပ်နေတော့ သူ့မှာ လမ်းပိတ်ကုန်ပြီလေ” ဟု ပဒိုစောတောနီးက ဆိုသည်။

နယ်ပယ်အားလုံးတွင် ကျဆုံးနေ၍ နောက်ဆုံးတွင် မင်းအောင်လှိုင် ကိုယ်တိုင် ပွဲထွက်လာရသည်ဟု သဘောရှိသည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

“အဲဒါကြောင့်မို့လို့ ဘာတစ်ခုပဲ လုပ်လုပ် သူ့လူတွေကို ခိုင်းလည်း ဘာမှ အရာမထင်၊ နောက်ဆုံးကျတော့ ခိုင်းစရာလူမရှိတော့တဲ့အခါမှာ သူကိုယ်တိုင် ထ ပြီးတော့ ပွဲထွက်လာတဲ့ သဘောပေါ့၊ ကိုယ့်ကိုယ်ကို ပွဲထုတ်လာတယ်ဆိုတော့ ပွဲပေးတာတောင် သူများပေးတာကို လုံးဝ မစောင့်နိုင်တော့ဘဲ ကိုယ့်ဘာသာကိုယ် ထ ပေးရတဲ့ အဆင့် ရောက်သွားပြီလေ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မင်းအောင်လှိုင်သည် အကျပ်အတည်း များရှိနေသော်လည်း စေတနာမမှန်ဘဲ ဖြေရှင်းလိုသည့်ဆန္ဒလည်း မရှိဟု ၎င်းက ဆက်ပြောသည်။

” တတိုင်းပြည်လုံးနဲ့ ဆက်ဆံတဲ့ ကိစ္စမျိုးမှာ ခိုင်းစရာလူကလည်း ကုန်သွားပြီ၊ ခိုင်းလို့ ရတော့မှာလည်း မဟုတ်ဘူး။ ဆိုတော့ သူ့ဘာသာသူ ထ လုပ်တာပဲ၊ ဒါပေမယ့် ကျနော် ပြောချင်တာက ဒီလိုနည်းဗျူဟာမျိုးကျတော့ ဘာမှ လုပ်လို့မရဘူးလေ။ အဓိကကျတာ ဘာလဲဆိုတော့ မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံ ရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတာ၊ အဲဒါက အနာတွေ ရှိထားရဲ့သားနဲ့ ဆေးမကုချင်တာ ဒါက ပြဿနာပဲ။ အဲဒါကို ဘယ်လိုမှ လုပ်လို့မရဘူး” ဟု ပဒိုစောတောနီက ပြောဆိုသည်။

မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးကို တွေ့ဆုံလိုပြီး မေလ ၉ ရက်နေ့ နောက်ဆုံးထား စာရင်းပေးရန် ဖိတ်ခေါ်ထားသည်။

ဓာတ်ပုံ- ယနေ့ မျက်စိပျက် မျက်နှာပျက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်တွေ့လိုပါသည်ဟု ဖိတ်ကြားနေရသော ဖက်ဆစ် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article