ရန်ကုန်၊ ဧပြီ ၂၃
Foodpanda Myanmar ကုမ္ပဏီက လုပ်အားခများကို အမြတ်ထုတ် ခေါင်းပုံ ဖြတ်မှု မပြေလည်၍ Rider များက ဆက်သပိတ်မှောက်မည်ဖြစ်ကြောင်း Rider များက သတင်းထုတ်ပြန်သည်။
Foodpanda ကုမ္ပဏီက မတ်လ ၁၆ ရက်နေ့တွင် Foodpanda Rider များကို ကြိုတင် ပြောကြားထားခြင်းမရှိဘဲ အော်ဒါကြေးများ အဆမတန် လျှော့ချမှုမှ စတင်၍ ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး Rider ကိုယ်စားလှယ်များက Foodpanda Myanmar ကုမ္ပဏီသို့သို့ အချက် ၇ ချက် တောင်းဆိုခဲ့ကြောင်း၊ အဆိုပါ အချက်များမှ ၅ ချက်ကိုသာ လိုက်လျောကြောင်း၊ လုပ်အားခနှင့်ပတ်သက်သည့် အဓိက အချက် ၂ ချက်ကို လိုက်လျောခြင်း မပြုသည့်အတွက် လုပ်အားခကို အမြတ်ထုတ် ခေါင်းပုံဖြတ်သည်ဟု ယူဆ၍ ဆက်လက်သပိတ်မှောက်သွားမည်ဖြစ်ကြောင်း Foodpanda Rider များမှ ဧပြီ ၂၂ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
Rider များတောင်းဆိုသည့် အချက်များမှာ (၁) လုပ်အားခကို အနည်းဆုံး ၆၇၀ မှ စတင်၍ ခရီးအကွာအဝေးပေါ်မူတည်၍ တိုးမြှင့်ပေးရန်နှင့် အဆင့်သတ်မှတ်ချက်နှင့် အညီ တိုးမြှင့်ပေးရန်၊ (၂) ကွန်ပျူတာစနစ်နှင့် ထိန်းချုပ်သော တင်းကျပ်သည့် စည်းကမ်းချက်များကို လျှော့ချပေးရန် ၊ (၃) အလုပ်ချိန်အတွင်း ထိခိုက်မှုရှိပါက ကုမ္ပဏီဘက်မှ တာဝန်ယူ တာဝန်ခံ၍ ဆောင်ရွက်ပေးရန်၊ (၄) Rider များ အလုပ်နားလိုလျှင် သတ်မှတ်ထားသော အလုပ်ချိန်အတွင်းမှ တစ်ပတ်လျှင် တစ်ရက် အလုပ်ချိန်မယူဘဲ အပြည့်အဝနားခွင့်ပေးရန်၊ (၅) ခရီးအကွာအဝေးကို google map ဖြင့်တိုင်းတာပေးရန်နှင့် တွက်ချက်ပေးရန်၊ (၆) Rider များနှင့်ဆိုင်သော ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက ကြိုတင်အသိပေးအကြောင်းကြားရန်နှင့် Foodpanda Myanmar မှ တရားဝင်သတ်မှတ်ထားသည့် Social media များမှ အနည်းဆုံးတစ်ပတ်ကြိုတင် ကြေညာပေးရန်၊ (၇) Rider များ ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွန်ရန် Hotline ထားရှိပေးရန် စသည့် အချက်များ ဖြစ်သည်။
အဆိုပါ တောင်းဆိုချက်များအနက် Foodpanda Myanmar က နံပါတ် ၁ နှင့် ၅ အချက်ကို လုပ်ဆောင်မပေးနိုင်ဟု ပြန်လည် ပြောကြားခဲ့ပြီး ခရီးအကွာအဝေး ၁ ကီလိုမီတာလျှင် ၅၈၀ ကျပ်သာ ပေးနိုင်မည်ဟု ပြောကြားခဲ့ကြောင်း Rider များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Foodpanda Myanmar က Rider များကို စာနာနားလည်ခြင်းမရှိ လုပ်အားခအမြတ်ထုတ် ခေါင်းပုံဖြတ်သည်ဟု ယူဆကြောင်း၊ ကုမ္ပဏီဘက်သို့ ဆက်လက်သပိတ်မှောက်သွားမည်ဟု Rider များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။