26 C
Yangon

တိုးတက်မှုမရှိ အဓိပ္ပာယ် ကင်းမဲ့နေသော မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် နိုင်ငံတကာက စွန့်လွှတ်ရန် အချိန်ကျပြီ

Must read

By Salai Za Uk Ling


မြန်မာ့အရေး အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာထိပ်သီးညီလာခံ၌ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)က ရေးဆွဲချမှတ်ခဲ့သည်မှာ ဧပြီ ၂၄ ရက်နေ့ဆိုလျှင် တစ်နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံ အရပ်သားအစိုးရထံမှ အာဏာသိမ်းယူပြီးနောက် မြန်မာ စစ်တပ်၏ လူအသေအပျောက်များသော နှိမ်နှင်းဖြိုခွဲမှုများအရေး ဆွေးနွေးသည့် အစည်းအဝေးအတွင်း အဆိုပါ ဘုံသဘောတူညီချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြားအာဆီယံအဖွဲ့ဝင် ၉ နိုင်ငံမှ ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်တွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်ဆိုင်းရန်၊ ပဋိပက္ခအဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းရန်၊ အာဆီယံ အထူးကိုယ်စားလှယ်၏ ပံ့ပိုးကူညီမှုဖြင့်စေ့စပ်ဖြေရှင်းရန်၊ အာဆီယံမှတစ်ဆင့် လူသားချင်း စာနာမှု အကူအညီများ ပေးအပ်ရန်နှင့် ပဋိပက္ခအဖွဲ့များအားလုံးနှင့် တွေ့ဆုံရေးအတွက် အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန်တို့ ပါဝင်သည်။

လွန်ခဲ့သည့်တစ်နှစ်က အဆိုပါသဘောတူညီချက်ကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက အလျှင်စလိုပင် ထောက်ခံခဲ့ကြသည်။ အာဆီယံ ဦးဆောင်သော အစီအစဉ်သည် အမှန်တကယ် အောင်မြင်မှု ရရှိနိုင်သဖြင့် ထောက်ခံခြင်းဆိုသည်ထက် ယင်းအစီအစဉ်သည် အာဆီယံမဟုတ်သော မြန်မာ့အိမ်နီးချင်းများဖြစ်သည့် တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံ၏ သဘောထားနှင့် ကွဲလွဲနိုင်ခြေ နည်းသည် ဟူသောအချက်က ထိုသို့အလျင်စလို ထောက်ခံခဲ့ခြင်း၏ အဓိကအကြောင်း အရင်း ဖြစ်ဖွယ်ရှိသည်။

မူလအစကတည်းက စစ်အစိုးရသည် ၎င်း၏လမ်းကြောင်းကို ပြောင်းလဲရန် ရည်ရွယ်ချက် မရှိခဲ့သည်မှာ ထင်ရှားသည်။ ထို့အတူ အာဏာစွန့်လွှတ်ရေးအတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ငြင်သာစွာ စည်းရုံးသည့် အာဆီယံ၏ ပုံမှန် သံတမန်နည်းလမ်းက အောင်မြင်မှု မရနိုင်သည်မှာလည်း ၂၀၂၁ ခုနှစ် ဧပြီလကတည်းက သိသာထင်ရှားပြီးသား ဖြစ်သည်။

သို့တိုင်အောင်လည်း တစ်နှစ်တင်းတင်း ပြည့်မြောက်သည့် ယနေ့ထက်တိုင်ပင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းသည် အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် ရှေ့မတိုး နောက်မဆုတ်သာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုအဖြစ် အဆိုပါ အာဆီယံ ဘုံသဘောတူညီချက်ကို ဆက် လက် ဆုပ်ကိုင်ထားလျက် ရှိသည်။

ဥပမာ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့ ပါဝင်သော Quad လုံခြုံရေးအဖွဲ့က “အာဆီယံ သဘောတူညီချက် ငါးချက်ကို ချက်ချင်း အကောင် အထည်ဖော်ပြီး နိုင်ငံအား ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျင်မြန်စွာ ပြန်သွားရန် မြန်မာစစ်အစိုးရကို တောင်းဆိုကြောင်း “၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိစေမည့် မည်သည့် အလေးအနက် ကြိုးပမ်းမှုမျိုးမဆို ယင်းအာဆီယံသဘောတူညီချက်သည် လက်ရှိအခြေအနေနှင့် လုံးဝဆီလျော်မှု မရှိဟူသော ပကတိအမှန်တရားကို လက်ခံသည့်အချက်နှင့် စတင်ရမည် ဖြစ်သည်။

တိုးတက်မှုမရှိဘဲ အကြိမ်ကြိမ် အရေးနိမ့်ခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာ အသိုင်း အဝိုင်းအနေဖြင့် အာဆီယံ သဘောတူညီချက်ငါးချက်ကို စွန့်လွှတ်ကာ မြန်မာနိုင်ငံ၌ လက်ဆုပ်လက်ကိုင် ပြနိုင်သော ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေး ပိုမိုလက်တွေ့ကျပြီး အချိန်သတ်မှတ်ချက်ပါရှိသည့် အခြားနည်းလမ်းများကို စတင်ရှာဖွေ ရမည့်အချိန် ကျရောက်လာပြီ ဖြစ်သည်။

အထူးသဖြင့် ဧပြီလကုန် သို့မဟုတ် မေလအစောပိုင်း၌ လူသားချင်း စာနာမှုအကူအညီများ မည်သို့ဆောလျင်စွာ ပေးအပ်မည်ကို တိုင်ပင်ဆွေးနွေးရန် အာဆီယံက အစီအစဉ်တစ်ရပ် ထုတ်ပြန် ကြေညာထားသည့်အချိန်တွင် ထိုသို့နည်းလမ်းသစ်ရှာဖွေရေးမှာ ပို၍အရေးကြီးပြီး အလျင်အမြန် ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်လာသည်။

မြန်မာနိုင်ငံရှိ မည်သည့်အဖွဲ့ကမျှ တွေ့ဆုံဆွေးနွေးရန် စိတ်ဝင်တစားရှိပုံမရပေ။ အထူးသဖြင့် နိုင်ငံတစ်လွှား တိုးတက်ဖြစ်ပေါ်နေသော ဆန့်ကျင်တော်လှန်မှုများအား စစ်တပ်က မရပ်မနား ဆက်လက် တိုက်ခိုက် ချေမှုန်းနေသည့်အချိန်၌ စစ်အစိုးရက ဆွေးနွေးရန် စိတ်ဝင်စားပုံ မရှိချေ။

လက်ရှိ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းမှာလည်း ပြီးခဲ့သည့် မတ်လအတွင်းက မြန်မာနိုင်ငံသို့ တစ်ကြိမ်သာ သွားရောက်ခွင့် ရရှိခဲ့ပြီး ထိုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား ထိန်းသိမ်းခံနေရသူများနှင့် တွေ့ဆုံခွင့် မရရှိခဲ့ပေ။

ကိုယ်စားလှယ်အဖွဲ့၏ အဓိကရည်ရွယ်ချက်အဖြစ် “အကြမ်းဖက်မှုများ အဆုံး သတ်အောင် အခြေအနေ ကောင်းတစ်ခုဖန်တီးရေး”၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်အောင် တိုက်တွန်းရေးနှင့် အာဆီယံ လူသားချင်း စာနာမှု ညှိနှိုင်းရေးဗဟိုဌာန (AHA)မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီ ပေးအပ်မည့်ကိစ္စများ ဆွေးနွေရေး တို့အတွက် အခြေခံအုတ်မြစ်များ ချမှတ်နိုင်ရန် ဟူ၍ သတ်မှတ် ပြဋ္ဌာန်းခဲ့သည်။

ထိုအခါ AHA ဗဟိုဌာနသည် မြန်မာနိုင်ငံ၌ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် အထူးသင့်တော်ပြီး အာဆီယံ ဘုံသဘောတူညီမှုအရ လုပ်ပိုင်ခွင့် ပေးထားသော အဖွဲ့အစည်း ဖြစ်သလားဟူသော မေးခွန်းတစ်ခု ပေါ်ထွက်လာသည်။

AHA ဗဟိုဌာန၏ ယခင်အမှုဆောင် ဒါရိုက်တာဖြစ်သူ အဒဲလီနာကာမယ်ကလည်း ယင်းမေးခွန်းကို မေးမြန်းခဲ့ပြီး အကူအညီများကို အာဆီယံက ကိုယ်တိုင်ပေးမည့်အစား ပြည်တွင်းအစိုးရ မဟုတ်သောအဖွဲ့များ၊ ကွန်ယက်များမှတစ် ဆင့် ဖြန့်ဖြူးပေးအပ်သင့်ကြောင်း ဖေဖော်ဝါရီလ အစောပိုင်းက ထုတ်ဝေသော ဆောင်းပါးတစ်ပုဒ်တွင် ၎င်းကရေးသားခဲ့သည်။

ဖွဲ့စည်းပုံအရ AHA ဗဟိုဌာနသည် လက်ရှိ မြန်မာ့အရေးကဲ့သို့ လူသားကြောင့် ဖြစ်သည့် အကျပ်အတည်းထက် သဘာဝဘေးအန္တရာယ်များ တုံ့ပြန်ရေးအတွက်သာ ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နောက်ထပ် အဓိက ပြဿနာတစ်ရပ်မှာ AHA ဗဟိုဌာန၏ ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပါဝင်ပတ်သက်မှု ရှိနေခြင်းဖြစ်သည်။

အာဆီယံအဆင့်မြင့် အစည်းအဝေးများသို့ တက်ရောက်ခွင့်မပြုဘဲ မြန်မာစစ်ကောင်စီကို နိုင်ငံရေးကိုယ်စားပြုမှုမှ ဘေးဖယ်ထားလင့်ကစား အာဆီယံ သို့မဟုတ် AHA ဗဟိုဌာနအတွင်း ဆုံးဖြတ်ချက် ချမှတ်သည့် လုပ်ငန်းစဉ်အားလုံးမှ မြန်မာနိုင်ငံကို ဖယ်ထုတ်ထားခြင်း မရှိသည့်အတွက် ယင်းအချက်က အကူအညီပေးအပ်မှုကို ခက်ခဲစေသလို လူသားချင်း စာနာမှု အကူအညီများကို မြန်မာစစ်ကောင်စီက အပြင်းအထန်ပိတ်ဆို့မှုများ၊ အရပ်သားများအား တမင်ရည်ရွယ်မှုများနှင့် လူ ၅ သိန်းခန့် နေရပ်စွန့်ခွာစေခဲ့သည့် မြေလှန်စစ်ဆင်မှုများ ရှိနေစဉ်အတွင်း AHA ဗဟိုဌာနက အကူအညီများကို မျှမျှတတ ကြားနေပြီး ဘက်မလိုက်ဘဲ ပေးအပ်နိုင်စွမ်း ရှိ/မရှိဆိုသည့် အချက်ကိုလည်း ရှုပ်ထွေးစေလျက်ရှိသည်။

AHA ဗဟိုဌာနမှတစ်ဆင့် အာဆီယံ၏ လူသားချင်း စာနာသော အကူအညီ ပေးအပ်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မြန်မာစစ်ကောင်စီက တစ်စိတ်တစ်ပိုင်း ပါဝင်နေမည်ဆိုပါက အကူအညီပေးအပ်မှုမှာ ထိရောက်မှု မရှိသလို အဓိပ္ပာယ်လည်း ကင်းမဲ့နေပေလိမ့်မည်။

ယနေ့ ဖြစ်ပွားနေသော ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်း ပြည်သူများထံ ပေးအပ်မည့် လူသားချင်းစာနာမှု အကူအညီအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကရင်မလင်ကို ပါဝင်ခွင့်ပြုထားပါက ယူကရိန်းနှင့် ကျန်ကမ္ဘာ့ပြည်သူများက မည်သို့ခံစား နားလည်ကြမည်ကို ဥပမာပြု၍ ချိန်ထိုး ကြည့်ရှုနိုင်သည်။

ပြဿနာမျိုးစုံနှင့် ရှုပ်ထွေးနေသော မြန်မာ့အရေးအား သံတမန်နည်းလမ်းအရ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်သည် အချိန်တစ်နှစ်သာ ရှိသေးသဖြင့် အလုပ်ဖြစ်/မဖြစ် ထောက်ပြရန် စောလွန်းသေးကြောင်း မြန်မာနိုင်ငံပြင်ပမှ ပုဂ္ဂိုလ်အချို့က ငြင်းချက် ထုတ်ကောင်း ထုတ်နိုင်သည်။

သို့သော် အာဏာသိမ်းသည့်နေ့ကတည်းက စစ်တပ်၏ အကြမ်းဖက် နှိမ်နှင်းမှုနှင့် နေ့စဉ်ရင်ဆိုင်နေရသော သန်းနှင့်ချီသည့် မြန်မာပြည်သူများအတွက်မူ တစ်နှစ်ဆိုသည်မှာ အလွန်ပင် ကြာမြင့်သောအချိန် ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေဖြင့် မအောင်မြင်သော အာဆီယံ ဘုံသဘောတူညီချက် မှတစ်ဆင့် မြန်မာပြည်သူများအား မျှော်လင့်ချက်အတုများ ပေးအပ်နေမှုကို ရပ်ဆိုင်းသင့်ကြသည်။

အာဆီယံ ဘုံသဘောတူညီချက် အစီအစဉ်အတိုင်း ဆောင်ရွက်ရန် အတင်း အကျပ် တိုက်တွန်းနေခြင်းက ဆိုးဝါးသည့် စစ်ကောင်စီအား အကြမ်းဖက် နှိမ်နှင်းမှုများ ဆက်လက်ဆောင်ရွက်ရန် အချိန်ရရှိသွားစေမည် ဖြစ်သည်။

ယခုအချိန်သည် အဆိုပါ အာဆီယံ ဘုံသဘောတူညီချက် မအောင်မြင်ကြောင်း အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ဝန်ခံကာ ၎င်းအစီအစဉ်ကို ချက်ချင်း စွန့်လွှတ်ရမည့်အချိန်လည်း ဖြစ်သည်။ မြန်မာပြည်သူများအတွက် အာဆီယံဘုံ သဘောတူညီချက်ထက် ပိုကောင်းသောနည်းလမ်းနှင့် ချဉ်းကပ်သင့်ကြပေသည်။

(ဤဆောင်းပါးမှာ The Diplomat တွင် ရေးသားထားသည်ကို ဆီလျှော်အောင် ဘာသာပြန်ပေးထားသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article