33.6 C
Yangon

ကလေးတောင်ပိုင်း နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွတွင် နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီစစ်သားများ၏ သွေးကွက်များတွေ့ရ၊ စစ်ကောင်စီတပ်များ မကွေးတိုင်းအစပ်သို့ ဆုတ်ခွာသွား

Must read

ရန်ကုန်၊ ဧပြီ ၂၇

ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ ကျေးရွာများတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များကြား ဧပြီလ ၂၄ ရက်နှင့် ၂၅ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယမန်နေ့ ဧပြီလ ၂၆ ရက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ စစ်သားများ၏ သွေးကွက်များ၊ ပတ်တီးများနှင့် စစ်သုံးပစ္စည်းအချို့ကို တွေ့ရှိခဲ့ကြောင်း VAKOK (CNDF) အဖွဲ့ထံမှ သိရှိရသည်။

“နယ်မြေရှင်းလင်းတော့ သွေးအိုင်တွေရော၊ ပတ်တီးတွေရော၊ စစ်ဖိနပ်တွေ တွေ့ရတယ်ပေါ့။ သူတို့ တော်တော် သေတယ်၊ ဒါပေမယ့် သူတို့က စစ်သားရော ပျူစောထီးရော ပေါင်းရင် အင်အားက ၁၀၀ ကျော်တယ်။ တချို့ ပျူစောထီးတွေဆိုရင် လက်နက်တောင်မပါဘူး။ ဒဏ်ရာရတဲ့ စစ်သားတွေကို သယ်ဖို့ ခေါ်လာတာ ထင်တယ်။ အဲလိုရှင်းတော့ စစ်သားအလောင်းတွေ၊ လက်နက်တွေ ဘာမှ မကျန်တော့တာ၊ အခု တောင်ဘက် ရန်ကြီးအောင်ဘက်ကို ဆုတ်သွားပြီ” ဟု VAKOK (CNDF) တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွရွာများဘက်သို့ စစ်ကြောင်းထိုးစဉ် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်ခြင်းခံရပြီး အထိနာသော စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ စစ်ကား ၂ စီး မီးလောင်ပျက်စီးခဲ့ကြောင်း PDF-Kalay က ထုတ်ပြန်သည့် ဒရုန်း ဓါတ်ပုံများတွင် တွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ကို VAKOK (CNDF)၊ ပ.က.ဖ၊ PDF-Kalay၊ RKDF မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကာ တိုက်ပွဲများအတွင်း ပ.က.ဖ မှ ရဲဘော် ၁ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ယမန်နေ့ နယ်မြေရှင်းလင်းစဉ် VAKOK (CNDF) တပ်ဖွဲ့ဝင် ၁ ဦး စနိုက်ပါထိမှန်ပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။

“မနေ့က နယ်မြေရှင်းပြီး ချောင်းခွကနေ တောင်ဘက် အောင်ချမ်းသာဘက်ကို ထွက်လာတော့ ကျနော်တို့ ကားအနောက်မှာ ထိုင်နေတဲ့ တပ်ဖွဲ့ဝင် တယောက် စနိုက်ပါထိတယ်၊ ဒဏ်ရာပြင်းတယ်။ စနိုက်ပါက အသံတိတ်နဲ့ တော်တော်ဝေးဝေးက ပစ်တာဆိုတော့ နေရာကို မှန်းရခက်တယ်။ ဒါပေမယ့် ကျနော်တို့ ချက်ခြင်း နယ်မြေလိုက်ရှင်းတယ်။ မရှိတော့ဘူး သူတို့ ပြန်ဆုတ်သွားပြီ၊ ရန်ကြီးအောင်ရွာကို ရောက်သွားပြီပေါ့နော်၊ အဲဒီကနေ မြစ်အရှေ့ဘက်ခြမ်းကို ကူးနေပြီလို့ကြားတယ်၊ မြစ်အရှေ့ဘက်ခြမ်းကို ဖိမလား မသိဘူး” ဟု VAKOK (CNDF) တပ်ရင်းမှူးက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းထားသော ပျူစောထီးများမှာ စစ်ကိုင်း-မကွေးအစပ် ဟံသာဝတီ၊ ကျောက်ပြုတ်ရွာများမှ ပျူစောထီးများဖြစ်ကြောင်း၊ ၎င်းပူးပေါင်းအဖွဲ့သည် ရန်ကြီးအောင်ကျေးရွာမှတဆင့် မြစ်သာမြစ်အရှေ့ဘက်ခြမ်းသို့ ကူးသွားကြောင်း VAKOK (CNDF) ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article