29 C
Yangon

တော်လှန်ရေးအဖွဲ့တွေရဲ့ ပစ်မှတ် ဖြစ်လာနေတဲ့ တရုတ်ရင်းနှီးမြှပ်နှံမှုများ

Must read

By လမ်းသစ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ရှိ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြန်လည် လည်ပတ်ခွင့်ပြုမည် မဟုတ်ကြောင်း Salingyi People’s Force (S.P.F) နှင့် ဒေသခံ မဟာမိတ်အဖွဲ့များက မေလ၂ရက်နေ့မှာ ထပ်မံ သတိပေးလိုက်ပါတယ်။

ဒါဟာ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ၁၆ ဖွဲ့က ဆားလင်းကြီးဒေသက တရုတ် ကြေးနီးစီမံကိန်းများ ပြန်လည်ပတ်ပါက နည်းမျိုးစုံဖြင့် တိုက်ခိုက်သွားမှာ‌ဖြစ်ကြောင်း ဧပြီလ ၂၀ ရက်နေ့က သတိပေး ကြေငြာခဲ့အပြီး အခုလို ဒုတိယအကြမ် ထပ်မံသတိပေး ကြေငြာလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ ဒေသခံကျေးရွာ ၂၆ ရွာမှ မြေယာများကို သိမ်းဆည်းပြီး နှစ် ၆၀ စီမံကိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ တရုတ်အစိုးရပိုင် ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်တို့ အကျိုးအမြတ်ကြီးစွာ ရရှိနေတဲ့ စီမံကိန်းတစ်ခု ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်းစတင်ပြီး မကြာမှီမှာပဲ မြေယာသိမ်းယူမှုအတွက် ဆန္ဒပြခဲ့ကြတဲ့ဒေသခံတွေကို မင်းအောင်လှိုင်ရဲ့ လက်ပါးစေ ရဲတပ်ဖွဲ့ဝင်တွေက ဓာတုပစ္စည်းပါတဲ့ မီးလောင်ဗုံးများနဲ့ အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အတွက် လူပေါင်းရာချီ ဒဏ်ရာရခဲ့ပြီး တချို့မှာ လူစဥ်မမှီတဲ့ မသန်စွမ်းဘဝသို့ ရောက်စေခဲ့တဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တပ်ဖွဲ့တွေက တရုတ်စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေကို သတိပေးမှုတွေဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီက ဝဏ္ဏမောင်လွင်ကို မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး အဖြစ် အသိအမှတ်ပြု လက်ခံတွေ့ဆုံအပြီး ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲအတွင်း တရုတ်အစိုးရက မြန်မာအကြမ်းဖက် စစ်ကောင်စီကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ထောက်ပံ့မယ်လို့လည်း ကြေငြာခဲ့ပါသေးတယ်။

ဒါဟာ မတရားအာဏာသိမ်းယူထားပြီး ပြည်သူတွေအပေါ် ရက်ရက်စက်စက် သတ်ဖြတ်နှိပ်စက်နေတဲ့ မြန်မာစစ်အုပ်စုဘက်က ရပ်တည်ကြောင်း တရုတ်အစိုးရဖက်မှ ပေါ်ပေါ်ထင်ထင် ပြသလိုက်ခြင်း ဖြစ်သလို၊ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်အာဏာသိမ်းယူမှုကို ကိုယ့်နည်းကိုယ့်ဟန် တော်လှန်‌နေရတဲ့ မြန်မာပြည်သူတွေရဲ့ အသံကို လျစ်လျူရှုခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့လည်း တရုတ်အစိုးရရဲ့ ယခုလုပ်ရပ်အပေါ် မြန်မာပြည်သူတွေက အလွန်အမင်း ဒေါသထွက်နေကြခြင်း ဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ လုပ်ရပ်တွေကြောင့် မြန်မာစစ်အုပ်စုကို နည်းမျိုးစုံနဲ့ ဆန့်ကျင်နေသူတွေဟာ တရုတ်ရဲ့ သဘောထားရပ်တည်ချက်ကိုပါ ဆန့်ကျင်လာပါတယ်။ မြန်မာနိုင်ငံမြို့ကြီးတချို့မှာ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီကို ထောက်ပံ့တာတွေ ရပ်တန့်ဖို့ ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

လုံခြုံရေး တင်းကြပ်ထားတဲ့ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပြင် စစ်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းက ပြည်သူတွေကပါ တရုတ်အစိုးရရဲ့ စစ်အုပ်စုဘက်က ရပ်တည်တဲ့ သဘောထားကို ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

အဲ့လို ဆန္ဒပြမှုတွေ ဖြစ်ပြီး မရှေးမနှောင်းမှာပဲ အခုလို တရုတ်စီးပွားရေး ရင်းနှီးမြှပ်နှံမှုတွေကို ပစ်မှတ်ထားတဲ့ သတိပေးကြေငြာချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မနေ့က ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်နဲ့ပတ်သက်ပြီး Salingyi People’s Force (S.P.F) ဦးဆောင်သူ ဗိုလ်ထွဋ်ခေါင်က “လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးနားမှာ ရှိတဲ့ စျေးဆိုင်၊ စတိုးဆိုင် ၊ ဘီယာဆိုင် ၊ လေထိုးကျွတ်ဖာဆိုင် စတဲ့ဆိုင်များအားလုံးနဲ့ CDM မလုပ်ဆောင်တဲ့ ကြေးနီစီမံကိန်းမှ ဝန်ထမ်းများအားလုံး မေ ၅ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းများ ပြန်လည် မလည်ပတ်ရန် အထူးမေတ္တာရပ်ခံအပ်ကြောင်း၊ တားမြစ်ထားသည့်ကြားမှ အလုပ်သမားများ လုပ်ငန်းခွင် ဝင်ပါက ဝန်ထမ်းများ ထိခိုက်မှုများအတွက် တာဝန်ယူမည် မဟုတ်ကြောင်း” ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။

အလားတူ တရုတ်အစိုးရရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာ့နွေဦးတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေသူတစ်ဦးဖြစ်တဲ့ ကိုတေဇာဆန်းက သူရဲ့လူမှုကွန်ရက်စာမျက်နှာကတဆင့် အခုလို သတိပေးစကား ဆိုထားပါသေးတယ်။

“တရုတ်အစိုးရကို ကျနော်တို့ မြန်မာလူထုက (အထူး) စကားပါး၊ သတိပေးလိုတာ ရှိပါတယ်။ အဲ့ဒါက တရုတ်အနေနဲ့ မြန်မာအကြမ်းဖက် အာဏာသိမ်းစစ်အုပ်စု သက်ဆိုးရှည်ဖို့၊ အာဏာမြဲဖို့အတွက် အထောက်အပံ့လုပ်နေ၊ ကူညီနေတဲ့ လုပ်ရပ်တွေကို အမြန်ဆုံးပဲ ရပ်တန်းက ရပ်လိုက်ဖို့ပါ” ။

“ဒီလိုမှ မဟုတ်ဘဲ မြန်မာဖက်ဆစ်အုပ်စုကို ဆက်လက် ထောက်ခံ ပံ့ပိုးနေဦးမယ်ဆိုရင်တော့ တရုတ်ဟာ ကျနော်တို့ မြန်မာပြည်သူတရပ်လုံးရဲ့ “ဘုံရန်သူ” စာရင်း ဝင်သွားလိမ့်မယ်။ ဒါဆိုရင်တော့ အဲ့ဒီရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေလည်း မလွှဲမသွေ ဆက်လက် ကြုံတွေ့လာရလိမ့်မယ်လို့ လေးလေးနက်နက် သတင်းစကား ပါးလိုက်ပါတယ်ခင်ဗျာ”လို့ ကိုတေဇာဆန်းကရေးသားထားပါတယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article