30 C
Yangon

အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ မြန်မာတွင် စက်ရုံဖွင့်ရန် လုပ်ဆောင်နေသော ရုရှားထရပ်ကားကုမ္ပဏီ Kamaz နှင့် ရုရှားကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် JFM တောင်းဆို

Must read

ရန်ကုန်၊ မေ ၅

ရုရှားထရပ်ကား ကုမ္ပဏီကြီးဖြစ်တဲ့ Kamaz အနေနဲ့ မြန်မာနိုင်ငံမှာ ထရပ်ကား ထုတ်လုပ်ရေးကို လုပ်ဆောင်ဖို့ လာမယ့်ဇွန်လမှာ နောက်ဆုံးထားပြီး သဘောတူ စာချုပ်တစ်ရပ်ကို အပြီးသတ် ချုပ်ဆိုဖို့ရှိ နေပါတယ်။

ဒါနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က အဆိုပါ ထရပ်ကားကုမ္ပဏီရဲ့ ခေါင်းဆောင်ဖြစ်သူဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Kamaz ကုမ္ပဏီဟာ ရုရှားဖက်ဒရယ် ပြည်ထောင်စုဝင် တတာစတန်သမ္မတနိုင်ငံသမ္မတ Rustam Minnikhanov ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်လာခဲ့တာဖြစ်ပြီး ရုရှားရင်းနှီးမြှုပ်နှံမှုတွေဟာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ထပ်မံ အားပေးကူညီပေးမှာလည်း ဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း စစ်သုံးထရပ်ကား ၇ စင်းကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ အဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

ဒီကုမ္ပဏီက Pantsir-S1 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်တွေ တပ်ဆင်အသုံးပြုလေ့ရှိတဲ့ ထရပ်ကားတွေကို ထုတ်လုပ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အကြမ်းဖက် မြန်မာစစ်တပ်က အဆိုပါထရပ်ကားတွေကို မှာယူခဲ့တာလို့ ဆိုပါတယ်။

Kamaz ကုမ္ပဏီရဲ့ အကြီးဆုံးရှယ်ယာရှင်ဟာ ရုရှားနိုင်ငံရဲ့ နိုင်ငံပိုင် စစ်လက်နက်လုပ်ငန်းစုကြီး Rostec ဖြစ်ပြီး ဂျာမဏီနိုင်ငံရဲ့ Mercedes-Benz ကုမ္ပဏီက Daimler Trucks ကိုယ်စား ကုမ္ပဏီရဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။

ရင်းနှီးမြှုပ်နှံသူတွေဖြစ်ကြတဲ့ Mercedes-Benz နဲ့ Daimler Trucks တို့အနေနဲ့ ၎င်းတို့ရဲ့ လူ့အခွင့် အရေးဆိုင်ရာ တာဝန်တွေအရ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း Kamaz ရဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းတွေ အဆုံးသတ်ဖို့ ၎င်းတို့လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်ချက်အဆင့်တွေကို အများသိအောင် ရှင်းလင်းဖော်ပြရမှာ ဖြစ်တယ်လို့ JFM က ဆိုပါတယ်။

Sergey Kogogin ကို ယူကေနိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတို့အနေနဲ့ မကြာသေးခင်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပြီး Kamaz ကုမ္ပဏီကိုတော့ ဩစတြေးလျနိုင်ငံနဲ့ အီးယူတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

တတာစတန်သမ္မတ Minnikhanov ဟာ မင်းအောင်လှိုင်နဲ့ ကာလရှည်ဆက်ဆံရေးတစ်ရပ်ရှိပြီး မြန်မာ စစ်တပ်နဲ့ များစွာသော စီးပွားရေးဆက်နွယ်မှုတွေကိုလည်း အားပေးကူညီပေးလျက်ရှိနေတာပါ။

၎င်းရဲ့ ဧပြီလခရီးစဉ်မှာ Rostec လုပ်ငန်းစုကြီးရဲ့ ကုမ္ပဏီခွဲ၊ မြန်မာ့လေတပ်သို့ ဟယ်လီကော်ပတာတွေ ပေးသွင်းတဲ့ Kazan Helicopters ကုမ္ပဏီ၊ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး မြန်မာ့စီးပွားရေးကော်ပို ရေးရှင်းရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ပင်းပက်သံမဏိစက်ရုံမှာ ပါဝင်ခဲ့တဲ့ အင်ဂျင်နီယားရင်းကုမ္ပဏီ Ker-Holding၊ ရေတပ်သင်္ဘောတည်ဆောက်သူ JSC Zelenodolsk Plant တို့မှ ကိုယ်စားလှယ်တွေလည်း လိုက်ပါလာခဲ့ပါတယ်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Minnikhanov နဲ့ Kogogin တို့ရဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်က အကြမ်းဖက် မြန်မာစစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ရဲ့ ဆက်နွယ်မှုတွေက ပိုပြီးနက်ရှိုင်းလာကြောင်းကို ပြတာပဲ ဖြစ်တယ်။” လို့ဆိုပါတယ်။

Kamaz ကုမ္ပဏီနဲ့ Sergey Kogogin တို့အပေါ် ဩစတြေးလျနိုင်ငံက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်တာက တိုးတက်မှု ဖြစ်ပေမယ့်လည်း စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုကို တုန့်ပြန်တဲ့အနေနဲ့ သူတို့အပေါ် ဘာဒဏ်ခတ်ပိတ်ဆို့မှုတွေကိုမှ ချမှတ်ထားတာ မရှိခဲ့ဘူးလို့ ၎င်းက ဆက်ပြောပါတယ်။

အခုလို စီးပွားရေးဆက်နွယ်မှုတွေ တိုးပြီးလုပ်ဆောင်လာတာက ရုရှားအစိုးရ၊ မြန်မာစစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ စီးပွားရေး မိတ်ဖက်တွေကို နောက်ထပ် အခွန်ဝင်ငွေတွေ ပေးမှာဖြစ်ပြီး ၎င်းတို့လုပ်ရပ်တွေအပေါ် ပိုပြီး အတင့်ရဲလာစေမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

“စစ်သုံးယာဉ်တွေ ပိုရပြီး ထရပ်ကား ထုတ်လုပ်နိုင်တဲ့ စွမ်းရည် မြင့်လာတာက အစုလိုက် သတ်ဖြတ်မှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ မုဒိန်းမှုတွေ၊ အဓမ္မအင်းအားသုံး ရွှေ့ပြောင်းစေမှုတွေနဲ့ ရွာလုံးကျွတ် ဖျက်ဆီးမှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အာပေးကူညီပေးမှာ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီနဲ့ သူရဲ့ စီးပွါးရေးလုပ်ငန်းတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့တွေနဲ့ ကမ္ဘာလုံးဆိုင်ရာ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးတွေအပါအဝင် နိုင်ငံတကာ အရေးယူဆောင်ရွက်မှုတွေ အရေးတကြီး လုပ်ဆောင်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်။” လို့ မရတနာမောင်က ဆက်လက်ပြောကြားပါတယ်။

လက်ရှိမှာတော့ ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံအတွင်း ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေသလို တဖက်မှာလည်း မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အားပေးကူညီနေတာပါ။

မြန်မာစစ်တပ်ရဲ့ မြန်မာပြည်သူတွေအပေါ် နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်မှုအတွက် Kamaz ကုမ္ပဏီ၊ Rustam Minnikhanov နဲ့ Sergey Kogogin တို့အပါအဝင် ရုရှားနိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ နိုင်ငံတကာအသိုင်းအဝန်းကို JFM က တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article