25 C
Yangon

ဘုတလင်၊ ကံသစ်အရှေ့ရွာကို အကြမ်းဖက်စစ်တပ်က မီးတင်ရှို့၊ ရွာလုံးကျွတ် နီးပါး မီးလောင်ပြာကျပြီး အသက် ၇၀ ရွယ်အဖွား ၁ ဦး မီးလောင် သေဆုံး

Must read

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်အရှေ့ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ မေလ ၆ ရက် နံနက် ၄ နာရီခွဲတွင် မီးတင်ရှို့မှုကြောင့် အိမ်ခြေ ၅၀ ကျော် မီးလောင်ပြာကျသွားပြီး အသက် ၇၀ အရွယ် အဖွားအို ၁ ဦးပါ မီးလောင်သေဆုံးသွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“အိမ်ခြေ ၅၀ ကျော်လောင်သွားတာ၊ လေး၊ ငါး လုံးပဲ ကျန်တယ်။ နွားတွေလည်း မီးထဲပါ၊ အိမ်တွေလည်း မီးထဲပါ။ တိုက်အိမ်တွေဆိုရင် ဓာတ်ဆီလောင်းပြီး မီးရှို့တယ်။ သေနတ်တွေလည်း ဖောက်တယ်။ အဲ့မတိုင်ခင်ကလည်း ရွာကလူတွေက ရွာရဲ့ ဘုန်း ကြီးကျောင်းမှာ နေနေရတဲ့လူနဲ့ တောထဲမှာ နေနေရတဲ့လူနဲ့ ပြေးနေရတာပါ။ ခုထိ စစ်သားတွေ ရှိနေတယ်၊ ရွာမှာ သက်ကြီးပိုင်းတွေပဲ ကျန်တာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ နံနက်အစောပိုင်းတွင် ကျီးပင်ချောင်ကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူများကို ဖမ်းဆီးနှိပ်စက် တန်ဖိုးရှိပစ္စည်းများကို လုယူပြီး တောင်ဘက်သို့ စစ်ကြောင်းထိုးလာပြီး ကံသစ်အရှေ့ရွာကို ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။

“အိမ်ခြေ ၅၀ ကျော် မီးလောင်သွားပြီ၊ အသက် ၇၀ အဘွားအိုတယောက် မီးထဲပါသွားတယ်လို့ ကြားတယ်၊ ကံသစ်အရှေ့ရွာနဲ့ အနောက်ရွာနားမှာ PDF နဲ့ တိုက်ပွဲလည်း ဖြစ်တယ်၊ အသေးစိတ်တော့ မသိဘူး။ စစ်တပ်က အင်အား ၇၀ ကျော်လို့ ကြားတယ်။” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကံသစ်အရှေ့ရွာသည် ဘုတလင်-မုံရွာကားလမ်းပေါ်တွင် တည်ရှိပြီး လက်ရှိတွင် အဆိုပါ လမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့များက ပိတ်ထားကြောင်း သိရှိရသည်။

ဓါတ်ပုံ – အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ကံသစ်အရှေ့ရွာကို မီးတင်ရှို့မှုကြောင့် မီးလောင်နေသည်ကို ယနေ့ နံနက်တွင် တွေ့မြင်ရစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article