25 C
Yangon

မတူပီမှ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ၂ ရက်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်၊ စစ်သား သေဆုံးမှု များနိုင်

Must read

ရန်ကုန်၊ မေ ၇

ချင်းပြည်နယ်၊ မတူပီမှ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို CDF မင်းတပ်က ယမန်နေ့ မေလ ၆ ရက် ညနေပိုင်းနှင့် ယနေ့နံနက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အသေအဆုံးများနိုင်သော်လည်း အရေအတွက်ကို မသိရှိနိုင်သေးဟု CDF မင်းတပ် ပြောခွင့်ရှိသူထံမှ သိရှိရသည်။

“ဒီနေ့တိုက်ပွဲက ကျနော်တို့ ၈ နာရီခွဲလောက်ကနေ ၉ နာရီလောက်ထိ မိုင်းတွေ တောက်လျှောက်ဆွဲတယ်၊ ထိခိုက်ကျဆုံး များပြားမယ်လို့ ခန့်မှန်းတယ် အတိအကျ ပြောလို့မရသေးဘူး ခင်ဗျ။ rမိုင်းကတော့ ၂၂ လုံးလောက်ကွဲတယ်၊ အကြီးကြီးတွေ ကွဲတာပဲ။ ဒါပေမယ့် စစ်သား ထိခိုက်သေဆုံးမှု အရေအတွက် ကိုတော့ မသေချာဘဲနဲ့ မပြောချင်ဘူးဗျ။ စစ်ကောင်စီတပ်က မိုင် ၄၀ က ရွာကို မီးရှို့တယ်၊ အိမ်ဘယ်နှစ်လုံးလောက် လောင်သွားတယ်ဆိုတာလည်း မသိနိုင်သေးဘူး၊ စစ်ယာဉ်တန်း အနောက်ပွိုင့်တွေက ရှိနေသေးတယ်လေ။ အခု စစ်ယာဉ်တန်းက မိုင် ၄၀ ကနေ ဆက်ထွက်လာပါပြီ” ဟု CDF မင်းတပ် ပြောခွင့်ရှိသူ ဆလိုင်းဟာအွမ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၆ ရက် ညနေ ၃ နာရီခွဲခန့်တွင်လည်း မင်းတပ်-မတူပီ ကားလမ်း မိုင်တိုင် ၃၇ နှင့် ၄၀ ကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း ဆလိုင်းဟာအွမ်က ဆက်ပြောသည်။

မတူပီမြို့နယ်မှ ထွက်ခွာလာသော အဆိုပါ စစ်ယာဉ်တန်းကို CDF မတူပီကလည်း မတူပီမြို့နယ် ဧရိယာအတွင်း အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း CDF မတူပီက သတင်းထုတ်ပြန်ထားသည်။

သံချပ်ကာအမြှောက်ကား ၂ စီး အပါအဝင်၊ စစ်ကား အစီး ၇၀၊ စစ်သား အင်အား ၃၀၀ ခန့်ဖြင့် မတူပီမြို့မှ မင်းတပ်ဘက်သို့ ဧပြီလ ၂၇ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာသော ယာဉ်တန်းဖြစ်ပြီး ယနေ့ မေလ ၇ ရက်တွင် မင်းတပ်မြို့နှင့် မိုင် ၄၀ ဝန်းကျင်အကွာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

Photo – CDF မင်းတပ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article