ရန်ကုန်၊ မေ ၉
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အထက်စသာကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများနှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မေလ ၈ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၆ ဦး၊ ပျူစောထီး ၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရသွားကြောင်း မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MKPDF-2 က သတင်းထုတ်ပြန်သည်။
အဆိုပါစစ်ကောင်စီနှင့် ပျူစောထီးများသည် ကူလဲနှင့် အောက်စသာကျေးရွာများတွင် တပ်စွဲထားပြီး အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း အပြန်အလှန်ပစ်ခတ်မှု ၃ နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲအတွင်း ပ.က.ဖ ရဲဘော် ၁ ဦး သွေးထွက်လွန်ကာ ကျဆုံးသွားကြောင်း သတင်းရရှိသည်။
အလားတူ မြောင်မြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ကာ၊ ပြည်သူပိုင်ပစ္စည်းများကို လုယူသော စစ်ကောင်စီတပ်ဖွဲ့ကို မေလ ၇ ရက်နေ့တွင် ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ပဒေသာမိုင်း ၂ လုံး ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ MSPDF က သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကို MSPDF၊ Natogyi Rigional Defence Force၊ Burmese Guerrilla Force၊ ချောင်းဦး PDF တို့ ပူးပေါင်း မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ခင်ဦးမြို့နယ် မြင်းကျကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ရေဦးမြို့ဘက်သို့ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ ကား ၃ စီးကို အင်းပတ်ကွေ့အနီး၌ မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ မိုင်း ၂ လုံးကွဲပြီး ကား ၁ စီး ရပ်တန့်သွားကြောင်း ခဏအကြာမှ အဆိုပါကားသည် ဆက်လက်ထွက်ခွာသွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။
ည ၁၀ နာရီ ၁၀ မိနစ်တွင် ရေဦးမြို့မှ ခင်ဦးဘက်ထွက်ခွာလာသော စစ်ယာဉ်တန်းကို အင်းပတ်ကွေ့ နေရာတွင် မိုင်း ၂ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း၊ ဘေးပတ်ဝန်းကျင်သို့ ရမ်းသန်းပစ်ခတ်ပြီး ရေဦးဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း ခင်ဦးမြို့နယ် KSO အဖွဲ့ထံမှ သိရှိရသည်။
အလားတူ ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာဝတီမြို့နယ်၊ ပြည့်စင်ကုန်းကျေးရွာအနီးတွင် အသံဗုံး ၂ လုံးကွဲသံကြောင့် လာရောက်သော စစ်ကောင်စီတပ်ဖွဲ့ကို မိုးညို PDF နှင့် Eagle Guerrilla Force (Bago Region) ပြောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်မှုရှိပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။
တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးတွင်နေရန် မိုးညို PDF က သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်သားများ။ (ပုံအဟောင်းဖြစ်ပါသည်)
Photo- အီးပီအေ