ရန်ကုန်၊ မေ ၉
ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်တွင် ယမန်နေ့ နံနက်ပိုင်း နိုင်ငံရေးအကျဉ်းသား ၆၆ ဦးကို စစ်တပ်က ရုတ်တရက် ခေါ်ဆောင်သွားမှုကို မကျေနပ်၍ နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြကြရာတွင် စစ်ကောင်စီဘက်က ရိုက်နှက်ဖြိုခွင်းမှုများ လုပ်ဆောင်ခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသား ၄ ဦး ဒဏ်ရာ အပြင်းအထန်ရရှိကြောင်း အကျဉ်းဦးစီးဌာနနှင့်နီးစပ်သော သတင်းရပ်ကွက်ထံမှ သိရှိရသည်။
“နိုင်ငံရေးအကျဉ်းသားတွေ အိုးခွက် ပန်းကန်တွေတီးပြီး ကြွေးကြော်တယ်။ သွေးသစ္စာ သီချင်းဆိုတယ်။ ဖြစ်နေတာက မနက်အစောကြီး အကျဉ်းသားတွေ ခေါ်ထုတ်သွားချိန်ကတည်းက။ စစ်သားနဲ့ရဲတွေဝင်လာ၍ နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ သေနတ်ဒင်နဲ့ ထုတယ်။ လေးခွတွေနဲ့ပစ်တယ်။ အဲဒါ ကိုနေလင်းထွန်း၊ ကိုမိုးမင်းထက်၊ ကိုလွင်မိုးထက်၊ ကိုခန့်သီလွင် လေးဦးတို့ကို ၀ိုင်းရိုက်တယ်။ လက်ထိပ်ခတ်ပြီး တရွတ်တိုက် ဆွဲခေါ်သွားတယ်။ ” ဟု အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၁၇ ဦးကိုလည်း တိုက်ပိတ်ခြင်းနှင့် ညစာ ဖြတ်တောက်ခြင်း၊ ရေဖြတ်တောက်ခြင်းများ စစ်ကောင်စီဘက်က လုပ်ဆောင်ကြောင်း၊ ဆန္ဒပြမှုတွင် ပါဝင်သည့်အတွက်ဟုဆိုကာ အပြစ်ပေး အရေးယူခြင်းဖြစ်ကြောင်း သိရှိရသည်။