ရန်ကုန်၊ မေ ၁၀
မန္တလေးတိုင်း၊ တံတားဦးလေဆိပ်တွင် စစ်တပ်ထောက်ခံသည့် သွေးသောက်အဖွဲ့က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ထားကြောင်း သွေးသောက်အဖွဲ့က တယ်လီဂရမ်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။
“တံတာဦး PDF များကို သွေးသောက် အဖွဲ ရှင်းလင်းနိုင်ခဲ့” ဟု စာရေးသား၍ အသတ်ခံရသူ ပြည်သူ ၂ ဦး၏ အလောင်းတွင် သွေးသောက်တံဆိပ်လည်ဆွဲများကို ချိတ်ဆွဲထားသော ဓာတ်ပုံများကို သွေးသောက်အဖွဲ့က ထုတ်ပြန်ထားသည်။
“အလောင်း ၂ လောင်းက ကျေးရွာချင်းဆက်လမ်းပေါ်မှာ။ ကျည်ရာတွေနဲ့ ပစ်သတ်ထားတာ။ မနက် ၈ နာရီလောက်ကျတော့မှ အလောင်းကောက်တာတွေ ဘာတွေ လုပ်နိုင်တယ်။ အသတ်ခံရသူ ၂ ဦးက နာမည်လည်း မသိသေးဘူး။ ဒါပေမယ့် NLD ပါတီဝင်ဆိုတာတော့မဟုတ်ဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
အသတ်ခံရသူ ပြည်သူ ၂ ဦးသည် လက်နောက်ပြန်ကြိုးတုပ်ထားပြီး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်ထောက်ခံသော သွေးသောက်အဖွဲ့ သည် မန္တလေးတိုင်းကျောက်ဆည်မြို့နယ်တွင် ပြည်သူများကို ခြိမ်းခြောက်၍ ဆက်ကြေးများ တောင်းခံနေကြောင်း သိရှိရသည်။
“ကျောက်ဆည်မြို့မှာ ပြည်သူလူထုတော်တော်များများ ဟာ သွေးသောက်အဖွဲ့ဆိုပြီး ခြိမ်းခြောက်ငွေညစ်တောင်းခံနေရပါတယ်။ ယခင်ရက်များက လ္ဘက်ရည် ဆိုင်များ မှ ပိုင်ရှင် များ ကို လာရောက်ဖမ်းဆီးသွားပြီး နောက်ရက်မှာ အလောင်းသွားရောက် ကောက်ရတဲ့အဖြစ်တွေရှိခဲ့ပါတယ်။ ယခုအခါမှာ တမြို့လုံးနီးပါးရှိ ဆိုင်များ ငွေရှိချမ်းသာသူများထံသို့ Viber မှာ သတ်မည်ဖြစ်ကြောင်း ပို့ပေးထားပါတယ်။ အချို့ ကိုလည်း ဖုန်းဆက်ပြီး ငွေတောင်းပါတယ်။
အချို့အိမ်တွေဆို သေနတ်ကျည်ဆန်တွေ ဗုံးတွေပို့ပြီး ငွေတောင်းနေပါတယ်။ အချို့လည်း မိသားစုထိခိုက်မှာစိုးပြီး တောင်းတဲ့ငွေ သိန်း၂၀၊ (သို့) သိန်း၃၀ ပေးကြပါတယ်။ အချို့ကတော့ အိမ်ပိတ်ပြီး အခြား ပြောင်းပေးတဲ့သူလည်းရှိနေပါတယ်။ ငွေရသွားတော့ ok ဆိုပြီး ဘာမှ မလုပ်တော့ဘူးဆိုပြီး စာပို့အကြောင် းကြားတာလည်းရှိပါတယ်” ဟု ဒေသခံတစ်ဦးက သွေးသောက်ဆိုသော အဖွဲ့၏ ခြိမ်းခြောက်မှု အခြေအနေများကို ရှင်းပြသည်။
စစ်တပ်ထောက်ခံသူများ၊ မဘသများ၊ အမျိုးသားရေး အစွန်းရောက်များက စစ်တပ်နှင့်ရဲ၏ ကူညီမှုဖြင့် သွေးသောက်အဖွဲ့ကို တည်ထောင်ကာ NLD ပါတီဝင်များကို ဧပြီလမှစတင်ပြီး သတ်ဖြတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
ဓာတ်ပုံ- တံတားဦးလေဆိပ်အနီး သွေးသောက်အဖွဲ့က သတ်ဖြတ်သွားသည့် ပြည်သူနှစ်ဦး။