ရန်ကုန်၊ မေ ၁၀
မကွေးတိုင်း ပေါက်မြို့နယ် ထန်းပေါက်ကုန်းရွာသား၊ ပရဟိတသမား ကိုသန်းထွန်းဦးကို စစ်တပ်က PDF တပ်ဖွဲ့ဝင်များကို ကူညီသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး မိသားစုဝင်များထံ ရုပ်အလောင်း ပြန်မပေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ကိုသန်းထွန်းဦးသည် ရွာပြင် စာသင်ကျောင်း၌ ရေစက်သွားမောင်းရန် နေအိမ်မှ ထွက်လာစဉ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံမိကာ PDF တပ်ဖွဲ့ဝင်များကို ကူညီနေသည်ဟု စွပ်စွဲပြီး လက်ပံတိုရေနံမြေ ရဲစခန်းသို့ ဖမ်းဆီးသွားကာ နှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” ကိုသန်းထွန်းဦး ဖမ်းခံရတဲ့နေ့က ထန်းပေါက်ကုန်းရွာကို စစ်သား ၃၀ လောက် ရောက်လာတယ်။ အဲဒီနေ့က ကိုသန်းထွန်းဦးက ရွာပြင် စာသင် ကျောင်းမှာ ရေစက် သွားမောင်းပေးဖို့ အသွား စစ်ကြောင်းနဲ့ တွေ့သွားပြီး ဖမ်းခံလိုက်ရတာ အဖမ်း ခံရချိန်မှာ စစ်တပ် သတင်းပေးကနေပြီး ကိုသန်းထွန်းဦးက PDF ကို ကူညီသူလို့ ပြောလို့ စစ်သားတွေက ရိုက်နှက်ပြီးတော့ လက်ပံတို ရေနံမြေ ရဲစခန်းကို ဖမ်းဆီးသွားတယ်။ မိသားစုဝင်တွေက ချက်ချင်း လိုက်သွားတော့ ကင်းစောင့်တဲ့ စစ်ခွေးတွေက မလာတော့နဲ့လို့ အော်ထုတ်တယ်လို့ သိရတယ်။ နောက်နေ့ကျတော့ ရဲစခန်းမှာ ဖမ်းခံရတဲ့ အခြားရွာသား ကောင်လေးတစ်ဦး ပြန်လွတ်လာတော့မှာ စစ်တပ်က ကိုသန်းထွန်းဦးကို နှိပ်စက်လို့ သွေးအန်ပြီး သေသွားပြီဆိုတာ ပြန် သိရတာ။ ရုပ်အလောင်းလည်း ရဲစခန်းက ပြန်မပေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
စစ်တပ်က သတ်ဖြတ်ခဲ့သော ကိုသန်းထွန်းဦးတွင် ကလေးငယ် ၂ ဦးနှင့် ဇနီး ဖြစ်သူတွင် ကိုယ်ဝန် ၄ လကျန်ခဲ့ကြောင်း၊ ကိုသန်းထွန်းဦးသည် ကျေးရွာအကျိုးနှင့် ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသူ တစ်ဦးဖြစ်ကြောင်း ဒေသ ခံများက ပြောဆိုသည်။
ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်လိုက်သော ကိုသန်းထွန်းဦး(အနီရောင်၀ိုင်းထားသူ) ကို သားသမီး ၂ ဦး၊ ဇနီးသည်နှင့်အတူ တွေ့ရစဉ်။